ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက် ရယူသွားမယ်လို့ နယူးကာဆယ်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ကြွေးကြော်သွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိလာသူ ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ အသင်းကို အကောင်းဆုံး ဦးဆောင်ထားနိုင်ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ကာရာဘောင်းဖလား ယူပေးထားသလို အက်ဖ်အေနဲ့ ယူရိုပါလိဂ် ဖလားတွေကို မျှော်မှန်းနိုင်တဲ့ အနေအထားမျိုးဆီလည်း ပို့ပေးထားပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ဖလားပြိုင်ပွဲတွေမှာ ရလဒ်တွေ တောက်လျှောက် ကောင်းနေသလို အမှတ်ပေးပြိုင်ပွဲမှာလည်း အဆင့်(၃)နေရာကို သိမ်းပိုက်ထားနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်က အဆင့်(၁) အာဆင်နယ်နဲ့ အဆင့်(၂) မန်ချက်စတာ စီးတီးတို့ကို မမှီတော့ပေမယ့် အဆင့်(၃)နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ ရေပန်းစားနေပါသေးတယ်။

ဒီနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် သေချာချင်ရင် နယူးကာဆယ်ကို အနိုင် ကစားဖို့ လိုအပ်နေကာ အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက် ရယူသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်က – “ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက် ရရပါမယ်။ ဒါက ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်ပါပဲ။ ကျွန်တော်တို့က ထိပ်တန်း ကစားသမားတွေကို ခေါ်ဖို့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ လိုအပ်ပါမယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် မရှိရင်လည်း ကျွန်တော်တို့အသင်းက ထိပ်တန်း ကစားသမားတွေကို ခေါ်ယူနိုင်စွမ်း ရှိပါတယ်။ ကတ်စ်မဲရိုးက အကောင်းဆုံး ဥပမာပါပဲ။ သူက ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ အသင်းဆီ ပြောင်းရွှေ့ချင်ခဲ့ပါတယ်။ ကျွန်တော်တို့က ယူရိုပါလိဂ်မှာ ကစားနေရတာကို သိတာတောင် သူက ကျွန်တော်တို့ဆီ ပြောင်းလာခဲ့တာပါ။ မန်ချက်စတာ ယူနိုက်တက်က ကစားသမားတွေကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ကစားသမားတွေကလည်း ကျွန်တော်တို့အသင်းရဲ့ တစိတ်တပိုင်း ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တခြား အကြောင်းအရာတွေ အများကြီး အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ လိုပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။