ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၂) အဖြစ် ခရစ္စတယ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ကွင်းလယ်လူ ဟုချ်ရဲ့ လည်ပင်းကို ညစ်မိခဲ့တာကြောင့် အနီကတ် ထိခဲ့တဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးရဲ့ လုပ်ရပ်ဟာ အနီကတ် ပြသတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပွဲပြီးဆုံးချိန်မှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပေမယ့် ကတ်စ်မဲရိုးရဲ့ လုပ်ရပ်ကို သဘောကျမိကြောင်း ပြောလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့က ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး တန်ဟက်ဂ်က အဆိုပါပွဲမှာ အဓိက ကစားသမား အစုံအလင် ထည့်သွင်း အသုံးပြုခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ကစားသမား တယောက် မလျော့ခင် အထိ ခရစ္စတယ် ပဲလေ့စ်ဘက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့သလို သွင်းဂိုး ၂ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

မန်ချက်စတာ ယူနိုက်တက်ရဲ့ သွင်းဂိုးတွေကိုတော့ ပွဲချိန် ၇မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် ဖာနန်ဒက်စ်နဲ့ ပွဲချိန် ၆၂မိနစ်မှာ ရက်ဖို့ဒ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ပွဲချိန် မိနစ် ၇၀ ဝန်းကျင်မှာတော့ ပဲလေ့စ် တောင်ပံကစားသမား ရှာလပ်က ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီကို ဥပဒေပ ကြမ်းတမ်းစွာ ကစားမှုကနေ နှစ်ဖက်အသင်းကြားမှာ အချင်းများမှုတွေ ရှိခဲ့ကာ အဆိုပါ အချင်းများမှု အတွင်း ယူနိုက်တက် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပဲလေ့စ်ကွင်းလယ်လူ ဟုချ်ရဲ့ လည်ပင်းကို ညစ်မိခဲ့တာကြောင့် အနီကတ် ပြခံခဲ့ရပါတယ်။

ကတ်စ်မဲရိုးက အန်တိုနီကို ကာကွယ်ဖို့ ရောက်လာချိန်မှာ ဟုချ်နဲ့ ထိပ်တိုက် တွေ့ခဲ့တာ ဖြစ်ပြီး ကတ်စ်မဲရိုးက ဟုချ်ကို ရည်ရွယ်ချက်ရှိရှိ လည်ပင်းညစ်ခဲ့တာ မဟုတ်ပေမယ့် ဟုချ်ရဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ ကိုင်ကာ ဟုချ်ကို ဆောင့်တွန်းမိခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရတာပါ။

Photo Credit: 90 Min

ကတ်စ်မဲရိုးရဲ့ လုပ်ရပ်ဟာ အနီကတ် ထိသင့် ၊ မထိသင့်ကို ငြင်းခုန်မှုတွေ ရှိနေဆဲ ဖြစ်ပေမယ့် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ ကတ်စ်မဲရိုးရဲ့ လုပ်ရပ်ဟာ အနီကတ် ပြသင့်တဲ့ လုပ်ရပ်မျိုး ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အဲရစ် တန်ဟက်ဂ်က – “ကျွန်တော်တို့က အတော်လေး ကောင်းအောင် ကစားနိုင်ခဲ့ကြပါတယ်။ ပြီးတော့ ပွဲချိန် ၇၀မိနစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကလည်း ကျွန်တော်တို့ ကစားသမားတွေ တယောက်နဲ့ တယောက် ကာကွယ်ဖို့ လုပ်ဆောင်ရာ ကနေ ဖြစ်လာခဲ့တဲ့ အရာတခုပါ။ ဒါက အသင်းလိုက် စိတ်ဓာတ်ပိုင်း ကောင်းမွန်မှုကို ပြသနေပါတယ်။ ကစားသမားတွေက ပြိုင်ဘက်တွေဟာ သူတို့အသင်းဖော်ကို နာကျင်အောင် လုပ်မှာကို ခွင့်မပြုခဲ့ကြပါဘူး။ ပြိုင်ဘက်တွေက အန်တိုနီကို ဒဏ်ရာရအောင် လုပ်ဖို့ ကြိုးစားခဲ့ကြတာပါ။ အသင်းက ညီညီညွတ်ညွတ် ရှိခဲ့ပါတယ်။ ဒါပေမယ့် တခါတလေ ကျွန်တော်တို့က ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့လည်း လိုပါသေးတယ်။ ဒါပေမယ့်လည်း အခုလို ဖြစ်ရပ်မျိုး ဖြစ်ခဲ့တဲ့ အချိန်မှာ ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့က ခက်ပါတယ်။ နှစ်သင်းစလုံးက လွန်ကဲတဲ့ အပြုအမူတွေ လုပ်ခဲ့ကြပေမယ့် ကျွန်တော်တို့ရဲ့ ကစားသမားကပဲ အနီထိခဲ့ပါတယ်။ ဒါကိုတော့ မကျေနပ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။