ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ဘရိုက်တန်ကို နောက်ဆုံးမိနစ် ပင်နယ်တီကြောင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် နောက်ဆုံးမိနစ်မှာ ပေးဂိုး ခွင့်ပြုခဲ့ရတဲ့ အတွက် စိတ်တိုမိကြောင်း ပွဲပြီးဆုံးချိန်မှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့က မကြာသေးမီကပဲ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့က သာမန် ပွဲကစားချိန်နဲ့ အချိန်ပိုတွေမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက်က ဘရိုက်တန်ကို အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ဘရိုက်တန်က မန်ချက်စတာ ယူနိုက်တက်ကို ရှုံးကြွေး ဆပ်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစား ကစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားအောင် အဝေးကွင်းမှာ ဘရိုက်တန်ကို အနိုင်ရအောင် ဦးတည် ကစားခဲ့ပါတယ်။

ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ခြေစွမ်းပိုင်း သိပ်မကွာတဲ့ အသင်းတွေ ဖြစ်တာကြောင့် ပွဲက အတော်လေး အကြိတ်အနယ် ရှိခဲ့ပြီး နှစ်သင်းစလုံးဟာ ဂိုးသွင်းခွင့် အမြောက်အမြား ဖန်တီးနိုင်ခဲ့ကြပေမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် ညံ့ဖျင်းမှုတွေနဲ့ နှစ်ဖက် ဂိုးသမားတွေရဲ့ လက်စွမ်းကောင်းတွေကြောင့် မိနစ် ၉၀ အတွင်း သွင်းဂိုးတွေ မမြင်ခဲ့ရပါဘူး။

Photo Credit: Express

ဒါပေမယ့် နာကျင်အချိန်ပိုမှာတော့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုခ်ရှော တယောက် ခေါင်းခုန်တိုက်ရင်း ဘောလုံးကို လက်နဲ့ တားမိသလို ဖြစ်ခဲ့တာကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ ခွင့်ပြုခဲ့ရပြီး အဆိုပါ ပင်နယ်တီကို ဘရိုက်တန်ရဲ့ အဓိက ကွင်းလယ်လူ အယ်လစ္စတာက အမှားအယွင်း မရှိ ကန်သွင်းကာ ဘရိုက်တန် အတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဘရိုက်တန် ၁-၀ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က နောက်ဆုံးမိနစ်မှာ ခွင့်ပြုခဲ့ရတဲ့ ပင်နယ်တီကြောင့် ရှုံးပွဲ ကြုံခဲ့ရလို့ စိတ်တိုမိကြောင်းနဲ့ တိုက်စစ်ပိုင်းက အခွင့်အရေးတွေကို အပြည့်အဝ အသုံးမချနိုင်လို့ အခုလို ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ရှုံးပွဲတိုင်းက ခင်ဗျားကို စိတ်ညစ်စေပါတယ်။ ဒါပေမယ့် ပွဲရဲ့ နောက်ဆုံးစက္ကန့်မှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် ရှုံးပွဲ ကြုံခဲ့ရတာက အတော်လေး စိတ်တိုဖို့ ကောင်းပါတယ်။ ကျွန်တော်တို့က ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်စွမ်းရည်က လုံလုံလောက်လောက် မကောင်းခဲ့ပါဘူး။ အဆုံးသတ်မှာ ကျွန်တော်တို့ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့လို့ စိတ်တိုမိပါတယ်။ ခင်ဗျားက ဂိုးတွေ မသွင်းနိုင်လို့ ပြိုင်ဘက်ကို အနိုင်မယူနိုင်ခဲ့ရင်တောင် မရှုံးနိမ့်အောင် ကစားဖို့ လိုတယ်လေ” လို့ ပြောကြားသွားခဲ့တာပါ။