ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ ၂ပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ဂါလာတာစာရေးတို့ကို ရှုံးနိမ့်ထားတာကြောင့် မနက်ဖြန်ညမှာ ကစားရမယ့် ကိုပင်ဟေဂင်နဲ့ ပွဲစဉ်မှာ မဖြစ်မနေ နိုင်ပွဲ ရအောင် ကစားသွားမယ်လို့ ပွဲကြိုအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် ၊ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲ အဖြစ် ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ရှုံးနိမ့်ခဲ့သလို အုပ်စု ဒုတိယပွဲမှာလည်း ဂါလာတာစာရေးကို အိမ်ကွင်းမှာ ထပ်မံ အရေးနိမ့်ခဲ့ပါတယ်။

Photo Credit: Standard

အဖွင့်ပွဲ ၂ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်က အုပ်စုအဆင့်ကို လွန်မြောက်ကာ ရှုံးထွက်အဆင့်ကို တက်ရောက်ချင်ရင် လက်ကျန်ပွဲတွေမှာ အမှားအယွင်း လုံးဝ လုပ်လို့ မရတော့ပဲ မနက်ဖြန်ညမှာတော့ ယူနိုက်တက်က အုပ်စု တတိယပွဲ အဖြစ် ကိုပင်ဟေဂင်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရပါမယ်။

ကိုပင်ဟေဂင်ဟာ အုပ်စုတွင်း အင်အားအနည်းဆုံးပြိုင်ဘက် ဖြစ်တာကြောင့် ယူနိုက်တက်က ကိုပင်ဟေဂင်ကို အနိုင်ရရှိမှသာ နောက်တဆင့်ဆီ တက်ရောက်နိုင်မယ့် မျှော်လင့်ချက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပြီး တန်ဟက်ဂ်ကတော့ အဖွင့်ပွဲ ၂ပွဲဆက် ရှုံးနိမ့်ထားလို့ ကိုပင်ဟေဂင်ကို အနိုင် ကန်သွားမယ်လို့ ဆိုပါတယ်။

Photo Credit: Stretty News

တန်ဟက်ဂ်က – “ကျွန်တော်တို့က ပွဲတိုင်းကို အနိုင်ရဖို့ လိုသွားပါပြီ။ (အုပ်စုတက်ဖို့) အဖွင့်ပွဲ ၂ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲက ကျွန်တော်တို့တွေ မဖြစ်မနေ နိုင်ပွဲ ရယူရမယ့် ပွဲပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် အတွက် သတင်းကောင်း တခုကတော့ ဒဏ်ရာရနေတဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန်ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် ကိုပင်ဟေဂင်နဲ့ ပွဲစဉ်မှာ ပါဝင် ကစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။