ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အတွက် သူတို့အသင်းရဲ့ နံပါတ်၁ပစ်မှတ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူဖို့ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာမှ ဘင်ဖီကာ ကနေ ချယ်လ်ဆီးထံ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၂၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

Photo Credit: Team Talk

အန်ဇို ဖာနန်ဒက်ဇ်က ချယ်လ်ဆီးဆီ ရောက်လာတာ မကြာသေးပေမယ့် အချိန်တိုအတွင်းမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်လာသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးရဲ့ ရလဒ်တွေ မကောင်းခဲ့ပေမယ့် အန်ဇို ဖာနန်ဒက်ဇ်က သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ခဲ့တဲ့ ဟားဗက်ဇ် ၊ မေဆန်မောင့် ၊ ကိုဗာချစ် ၊ ကန်တီ ၊ အက်စ်ပီလီကွီတာ ၊ ကူလီဘလီ စတဲ့ ကစားသမားတွေကို အသင်းပြောင်းခွင့် ပေးထားပေမယ့် အန်ကွန်ကူ ၊ နီကိုလပ်စ် ဂျက်ဆင် ၊ အူဂိုချူကူး စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ပြန်လည် ခေါ်ယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ကစားသမားအင်အား အတောင့်တင်းဆုံး အသင်းတွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါ့အပြင် အာဂျင်တီးနား ထိပ်သီးနည်းပြ ပိုချက်တီနိုက ချယ်လ်ဆီးကို ဦးဆောင်နေတာကြောင့် ရာသီသစ်မှာ ပြည်တွင်းပြိုင်ပွဲတွေကိုသာ ယှဉ်ပြိုင်ရမယ့် ချယ်လ်ဆီးဟာ မထင်မှတ်ပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ချေ ရှိနေပြီး အန်ဇို ဖာနန်ဒက်ဇ်ကလည်း သူတို့အသင်းရဲ့ နံပါတ်၁ပစ်မှတ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ရေး ဖြစ်ကြောင်း ဆိုလာပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်က – “ကျွန်တော်တို့မှာ နည်းပြသစ် ရှိနေပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကလည်း ပြောင်းလဲသွားပါပြီ။ ပြီးခဲ့တဲ့ရာသီ ကျွန်တော် ရောက်လာတဲ့ အချိန်မှာ အသင်းက အတော်လေးကို ရုန်းကန်နေရပါတယ်။ ဒါပေမယ့် အရာအားလုံးက ခပ်မြန်မြန် ပြောင်းလဲသွားပြီး အခုဆိုရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကလည်း ပြောင်းလဲနေပါပြီ။ ကျွန်တော်တို့က တိုက်စစ်ရော ၊ ခံစစ်ပိုင်းပါ ကစားပုံ ကောင်းတဲ့ ခပ်မာမာအသင်းမျိုး ဖြစ်အောင် ကြိုးစား တည်ဆောက်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့က ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်အောင် ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့က ပွဲတိုင်းမှာ လွှမ်းမိုး ကစားနိုင်အောင် ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ပါ။ ပြီးတော့ ဇန်နဝါရီလမှာ စတင် ယှဉ်ပြိုင် ကစားကြမယ့် ပြည်တွင်းဖလားတွေကိုလည်း လိုချင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။