ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် ဗဟိုကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ချယ်လ်ဆီးမှာ မပျော်မရွှင် ဖြစ်နေတာကြောင့် အသင်းသစ် စတင် ရှာဖွေပေးဖို့ သူ့ရဲ့ အေးဂျင့်တွေကို အသိပေးထားတယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Transfersက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ၂၀၂၃ခုနှစ် ၊ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာ ကနေ ချယ်လ်ဆီးဆီ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၂၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂၀၃၁ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Team Talk

အန်ဇို ဖာနန်ဒက်ဇ်က ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် သူ့ရဲ့ ချယ်လ်ဆီးကတော့ ပြိုင်ပွဲအရပ်ရပ်မှာ ရလဒ်တွေ ဆိုးဝါးနေသလို အသင်းတွင်း စည်းလုံးမှုကလည်း ပြိုကွဲနေတဲ့ အနေအထားပါ။

အန်ဇို ဖာနန်ဒက်ဇ်က ၁နှစ်တာ ကာလအတွင်းမှာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ၅၀ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

 

Photo Credit: Football Transfers

Football Transfer သတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် တဲဘော့တ်ရဲ့ ဖော်ပြချက်အရ အန်ဇို ဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးမှာ မပျော်တော့တာကြောင့် သူ့ရဲ့အေးဂျင့်တွေကို အသင်းသစ် ရှာဖွေခိုင်းထားပြီး အန်ဇိုရဲ့ အေးဂျင့်တဦး ဖြစ်သူ ယူရယ် ပီရက်ဇ်က သူ့ရဲ့ ကစားသမား အတွက် ဥရောပတလွှားမှာ ရှိတဲ့ ထိပ်သီးအသင်းတွေနဲ့ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်က လာမယ့် နွေဈေးကွက်မှာ အသင်းပြောင်းဖို့ စိတ်ကူးနေပေမယ့် ချယ်လ်ဆီးက သူ့ကို လက်လွှတ်ရမယ် ဆိုရင် ဝယ်ယူစဉ်က ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း ဝန်းကျင် ပြန်လည် တောင်းဆိုဖွယ် ရှိနေသလို သူ့ရဲ့ စာချုပ်သက်တမ်းကလည်း အများကြီး ကျန်နေသေးတာကြောင့် အန်ဇို ဖာနန်ဒက်ဇ်ကို အခြားအသင်း တသင်းမှာ မြင်တွေ့ခွင့် ရဖို့ အခွင့်အလမ်း နည်းပါးနေပါတယ်။