ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က သူ့အနေနဲ့ လက်ရှိ ချယ်လ်ဆီးအသင်းမှာပဲ ပျော်ရွှင်လို့နေပြီး ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကိုလည်း ထပ်ပြီး ကစားသွားချင်ပါတယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ရသလို ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုပါ ပိုင်ဆိုင်ခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေက ဒီရက်ပိုင်းအတွင်းမှာပဲ အတော်လေး ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Fabrizio Romano

အန်ဇိုက ချယ်လ်ဆီးအသင်းမှာ မပျော်ရွှင်တော့တာကြောင့် လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာသွားချင်နေသလို သူကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကစားချင်နေတယ်ဆိုတဲ့ သတင်းတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ဒီသတင်းတွေကို အန်ဇိုရဲ့ အေးဂျင့်ဖြစ်သူက ယတိပြတ် ငြင်းဆန် ပယ်ချထားခဲ့သလို အန်ဇိုကိုယ်တိုင်ကလည်း လုံးဝ ငြင်းဆိုထားပါသေးတယ်။ အခုလည်း အန်ဇိုက “ကျွန်တော် ချယ်လ်ဆီးအသင်းမှာပဲ ပျော်ရွှင်နေပါတယ်။ နောက်ပြီး ကျွန်တော်တို့က ချန်ပီယံလိဂ်မှာ ထပ်ကစားသွားချင်ပါတယ်။”

Photo Credit : Football365

“ဒီလို အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေက ဘယ်က ဘယ်လိုထွက်ပေါ်လာသလဲ ဆိုတာကိုလည်း ကျွန်တော် မသိပါဘူး။ လူမှုကွန်ယက်တွေပေါ်မှာလည်း ပြောဆိုနေကြတယ်။ ကျွန်တော် အခုတစ်ကြိမ် ဒီကောဟာလတွေက လုံးဝ အတုအယောင်တွေလို့ ထပ်မံ ပြောဆိုချင်ပါတယ်။”

“ကျွန်တော် ချယ်လ်ဆီးအသင်းကနေ မထွက်ခွာချင်ပါဘူး။ ကျွန်တော် ဒီအသင်းမှာပဲ ဆက်လက် ရှိနေမှာပါ။ ကျွန်တော့်အသင်းဖော်တွေ နည်းပြအဖွဲ့ဝင်တို့နဲ့ အတူရှိနေမယ်။ အသင်းတာဝန်ရှိသူတွေ ကျွန်တော့်ကို အလိုရှိနေမယ့် အချိန်အထိ ကျွန်တော် ဒီမှာပဲ ဆက်ပြီး ရှိသွားမှာပါ။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။