ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ အန်ဇို ဖာနန်ဒက်က ယခု ဆောင်းဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ကြိုးစားနေမှုများအား ရပ်တန့်လိုက်ပြီး ဘင်ဖီကာမှာသာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်က ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအပါအဝင် ဥရောပ အင်အားကြီးအသင်းတွေက အန်ဇို ဖာနန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။

Photo Credit: Team Talk

အန်ဇို ဖာနန်ဒက်က ဗဟိုကွင်းလယ်နေရာမှာ အဓိက ကစားသူ ဖြစ်ပေမယ့် လိုအပ်ရင် ကွင်းလယ်တိုက်စစ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပြီး သူနဲ့ ဘင်ဖီကာတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်က ၅နှစ် အထိ သက်တမ်း ကျန်ရှိနေသေးသလို စာချုပ်ဖျက်သိမ်းကြေးကလည်း ယူရို ၁၂၀သန်း တန်ကြေး ရှိပါတယ်။

ဒါကြောင့်လည်း ချယ်လ်ဆီးက လာမယ့် နွေဈေးကွက်မှာ တခြားအသင်းတွေနဲ့ ယှဉ်ပြိုင်ကာ အန်ဇို ဖာနန်ဒက်ကို ခေါ်ရရင် ပြောင်းရွှေ့ကြေး ပိုပေးရမှာ စိုးရိမ်တာကြောင့် ယခု ဆောင်းဈေးကွက်မှာတင် ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းကျော်နဲ့ အန်ဇို ဖာနန်ဒက်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘင်ဖီကာဘက်က ချယ်လ်ဆီးဟာ ကစားသမားကို တရားမဝင် ချဉ်းကပ်ခဲ့သလို သူတို့ကို လိမ်ညာခဲ့တယ်လို့ ထုတ်ပြောကာ အန်ဇို ဖာနန်ဒက်ကို ခေါ်ယူချင်ရင် စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၂၀သန်း ပေးမှပဲ ရလိမ့်မယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

Photo Credit: Team Talk

ယခုချိန်မှာတော့ ချယ်လ်ဆီးနဲ့ ဘင်ဖီကာတို့ရဲ့ ကြားထဲမှာ အန်ဇို ဖာနန်ဒက်နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ မရှိတော့သလို အန်ဇို ဖာနန်ဒက်ကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ချင်တာကြောင့် ဘင်ဖီကာနဲ့ လေ့ကျင့်ခန်း မဆင်းပဲ ဆန္ဒပြခဲ့ပေမယ့် လက်ရှိမှာ အန်ဇို ဖာနန်ဒက်ဟာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့လိုစိတ် မရှိတော့တာကြောင့် ဘင်ဖီကာနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းတော့မယ်လို့ သိရပါတယ်။

အန်ဇို ဖာနန်ဒက် တယောက် လေ့ကျင့်ခန်း ပြန်ဆင်းတော့မယ့် အကြောင်းကို ဘင်ဖီကာနည်းပြ ရှာမစ်က – “အခုဆိုရင် ကျွန်တော်တို့က အန်ဇို ဖာနန်ဒက်နဲ့ ပတ်သတ်တဲ့ ပြဿနာတွေ အားလုံးကို ခဝါချလိုက်ပါပြီ။ အရာအားလုံးကို သုညကနေ ပြန်စတော့မှာပါ။ သူက ဒီနေ့မှာပဲ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းပါတော့မယ်။ ကျွန်တော်တို့က သူ့ကို အသင်းရဲ့ အနာဂတ်ထဲမှာ ထည့်သွင်းထားပါတယ်။ သူက ကျွန်တော်တို့ရဲ့ ကစားသမားပါ။ ကျွန်တော်တို့က သူ့ကို လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။