ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ စပိန်လက်ရွေးစင် နောက်ခံလူဟောင်း အင်းနရစ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ ဘင်ဖီကာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ရေပန်းစားနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး နူနက်ဇ်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး သူ့ရဲ့ အသင်းဟောင်း လီဗာပူးဆီ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခု နွေဈေးကွက် အတွင်းမှာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ဘင်ဖီကာနဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး နူနက်ဇ် အတွက် တရားဝင် ကမ်းလှမ်းမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေသလို နူနက်ဇ်ကလည်း အိုးထရက်ဖို့ဒ်ဆီ အရောက် လှမ်းဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Mirror

အသက် ၂၂နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ဖော်လန် ၊ ဆွာရက်ဇ်နဲ့ ကာဗာနီတို့ နောက်ပိုင်း ဥရုဂွေးမြေကနေ မွေးထုတ်ပေးလိုက်တဲ့ ထိပ်တန်း တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၄၁ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၃၄ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ အသင်းကြီး အများစုက ဒါဝင် နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပြီး ဘင်ဖီကာကတော့ ဒါဝင် နူနက်ဇ်ရဲ့ တန်ကြေးကို ယူရို ၈၀သန်း သတ်မှတ်ထားပါတယ်။

Photo Credit: Mirror

လီဗာပူးနဲ့ စပိန်တို့ရဲ့ နောက်ခံလူဟောင်း တဦး ဖြစ်တဲ့ အင်းနရစ်ကတော့ သူဟာ နူနက်ဇ်ရဲ့ ကစားပုံကို အလွန် သဘောကျသူ တဦး ဖြစ်သလို နူနက်ဇ်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့မှာကို မလိုလားပဲ နူနက်ဇ်က လီဗာပူးဆီသာ ပြောင်းရွှေ့သင့်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အင်းနရစ်က – “ကျွန်တော်ကတော့ ဒီသတင်းကို (နူနက်ဇ်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းတော့မယ့် သတင်း) အမှန်မဟုတ်ဖို့ မျှော်လင့်ထားပါတယ်။ ပြီးတော့ သူက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းမယ့် အစား ကျွန်တော်တို့ရဲ့ လီဗာပူးဆီ လာသင့်ပါတယ်။ လီဗာပူးကလည်း သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းသင့်ပါတယ်။ သူက ထိပ်တန်း ကစားသမား တဦး ဖြစ်သလို မာနေး မရှိတော့တဲ့အချိန် ကလော့ပ်ရဲ့ လက်အောက်မှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတောင် ဖြစ်လာနိုင်ပါတယ်” လို့ အကြံပေးစကား ပြောကြားခဲ့တာပါ။