မနေ့ညက လန်ဒန်မြေမှာ ကျင်းပခဲ့တဲ့ အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ဧည့်သည် ပီအက်စ်ဂျီက ဒမ်ဘီလီရဲ့ သွင်းဂိုးနဲ့ အဝေးကွင်း နိုင်ပွဲ ရရှိခဲ့ပေမယ့်လည်း ပဲရစ်မြေမှာ ပြန်ကစားရမယ့် ဒုတိယအကျော့ပွဲမှာတော့ သတိလက်လွတ် ဖြစ်လို့မရဘူးလို့ နည်းပြ လူးဝစ် အန်နရီကေးက သတိပေး ပြောကြားလိုက်ပါတယ်။

အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ဟာ ဒီရာသီ ချန်ပီယံလိဂ် league phase အဆင့်မှာ ထိပ်တိုက် တွေ့ဆုံထားခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ အာဆင်နယ်က (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့်လည်း အခုတစ်ကြိမ်မှာ ဧည့်သည်အသင်းက ဒီရှုံးပွဲကို ရှုံးကြွေးဆပ်နိုင်ခဲ့ရင်း ဖိုင်နယ်တက်လှမ်းနိုင်ဖို့ပါ အခြေအနေကောင်းသွားခဲ့ပါတယ်။

Photo Credit : Arsenal

ဒါပေမယ့် (၁)ဂိုးအသာလေးနဲ့ပဲ အနိုင်ရထားတာဖြစ်လို့ ဒုတိယအကျော့ပွဲမှာ ဘာမဆို ဖြစ်သွားနိုင်သေးတယ်လို့ အန်နရီကေးက ယူဆထားပြီး ပေါ့ပေါ့လျော့လျော့ မကစားကြဖို့ သူ့အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ “အားကစားကွင်းထဲမှာ မယုံနိုင်စရာ အငွေ့အသက်တွေ ရှိခဲ့တယ်။ နားကွဲလောက်အောင် ကျယ်လောင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အစကောင်းခဲ့ပြီး စောစောစီးစီး ဂိုးရလိုက်တာက ယုံကြည်မှုတွေ တိုးစေခဲ့တယ်။”

“ဒီညနေအတွက်တော့ ရည်မှန်းချက် ပြီးမြောက်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အိမ်ကွင်း ဒုတိယအကျော့ကို အနိုင်ရဖို့ပါပဲ။ အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့ သတိလက်လွတ် ဖြစ်လို့မရဘူး။ ပေါ့ဆလို့လည်း မရဘူး။ ဘာလို့လဲဆိုတော့ သူတို့က မြန်မြန်ဆန်ဆန် ဂိုးသွင်းနိုင်ပြီး ကျွန်တော်တို့ အစကနေ ပြန်စရသလို ဖြစ်သွားနိုင်တယ်။”

 

Photo Credit : FotMob

“ဘာမှ သေချာသွားတာ မရှိသေးဘူး။ ကျွန်တော်တို့ အိမ်ကွင်းမှာ အနိုင်ရဖို့လိုတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်က အခု ရှုံးစရာ ဘာမှမရှိတော့ဘူး။ သူတို့ ဘာနေဗျူးမှာတောင် နိုင်ပွဲရခဲ့သေးတာပဲ။ ပါရီမှာ ဘာလို့ မနိုင်နိုင်ရမှာလဲ” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဒီရာသီ ချန်ပီယံလိဂ် league phase အဆင့်မှာ အာဆင်နယ်ကို ရှုံးခဲ့ပေမယ့် မန်စီးတီးကို အနိုင်ရခဲ့သလို (၁၆)သင်းအဆင့်မှာ လီဗာပူးလ်နဲ့ ကွာတားမှာ ဗီလာတို့ကို အနိုင်ယူ ကျော်ဖြတ်ခဲ့ပါတယ်။

တကယ်လို့ ဆီမီးဖိုင်နယ်မှာပါ အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ တစ်ဖက်က ဘာစီလိုနာနဲ့ အင်တာမီလန်တို့ထဲက အနိုင်ရလာမယ့် အသင်းနဲ့ ဖိုင်နယ်အဆင့်မှာ ထပ်မံ ရင်ဆိုင်သွားရမှာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မပိုင်ဆိုင်ဖူးသေးတဲ့ ချန်ပီယံလိဂ်ဖလားကြီးကိုပါ မျှော်လင့်ခွင့် ရှိတော့မှာပဲ ဖြစ်ပါတယ်။