မကြာခင်မှာပဲ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် စပိန် နာမည်ကြီးနည်းပြ အင်းနရစ်က မကြာသေးမီကမှ အသင်းကနေ ထွက်ခွာသွားတဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ နေရာအတွက် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို လိုချင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ပီအက်စ်ဂျီက အားကိုးရတဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့် ပေးခဲ့ရသလို နောက်ထပ် အားကိုးရတဲ့ တိုက်စစ်မှူး ဖြစ်သူ အမ်ဘာပေကိုလည်း လက်လွှတ် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Fot Mob

ဒါကြောင့်ပဲ ပီအက်စ်ဂျီနည်းပြသစ် အင်းနရစ်နဲ့ အားကစားဒါရိုက်တာ ကန်ပို့စ်တို့က အသင်းကို သွေးသစ်လောင်းဖို့ ဆုံးဖြတ်ထားပြီး အင်းနရစ်က အသင်းကနေ ထွက်သွားတဲ့ မက်ဆီရဲ့ နေရာကို တိုက်ရိုက် အစားဝင်နိုင်မယ့် အရည်အသွေးမြင့် တိုက်စစ်မှူးကောင်း တဦး လိုချင်နေပါတယ်။

နာမည်ကြီး စပိန်သတင်းထောက် တဦး ဖြစ်သူ မတ်တီ မော်ရက်တိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီနည်းပြ အင်းနရစ်က သူ့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂျာအိုဖီးလစ်ကလည်း အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာကာ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

Photo Credit: The Sun

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူး ဂျာအိုဖီးလစ်က အက်သလက်တီကို မက်ဒရစ်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် သူက အက်သလက်တီကို မက်ဒရစ်ကို စွန့်ခွာဖို့ စိတ်ဝင်စားနေသလို အက်သလက်တီကို မက်ဒရစ်ကလည်း ဖီးလစ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ၆၀သန်းကြား ကမ်းလှမ်းမှု တရပ် ရောက်လာရင် ဖီးလစ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဂျာအိုဖီးလစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ်နဲ့ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ရရှိခဲ့ပါတယ်။