ပီအက်စ်ဂျီအသင်းရဲ့ နည်းပြချုပ် လူးဝစ် အင်းနရစ်ဟာ မနေ့က (သောကြာနေ့) စက်ဘီးစီးနေစဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပြီး ညှပ်ရိုးကျိုးသွားတဲ့ ဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူရတော့မှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ မတော်တဆမှုအတွင်းမှာ အင်းနရစ်က သူ့ရဲ့စက်ဘီးပေါ်မှ ပြုတ်ကျခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ချက်ချင်းဆိုသလို ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ဆေးရုံမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာတော့ သူ့ရဲ့ ညှပ်ရိုးကျိုးသွားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Photo Credit : NewBytes
ကံကောင်းစွာနဲ့ပဲ စပိန်လူမျိုးနည်းပြကြီးဟာ အခြားပြင်းထန်တဲ့ ဒဏ်ရာတွေ ထပ်မံရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျိုးသွားတဲ့ ညှပ်ရိုးကို ပြန်လည်တည့်မတ်နိုင်ဖို့အတွက် ခွဲစိတ်ကုသမှုတစ်ခုကိုတော့ မဖြစ်မနေ ပြုလုပ်သွားရမှာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကလည်း နည်းပြချုပ် အင်းနရစ်ရဲ့ မတော်တဆမှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် တရားဝင်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
Photo Credit : BBC
“သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ စက်ဘီးမတော်တဆမှုတစ်ခုကြောင့် ပါရီ စိန့်ဂျာမိန်းအသင်းရဲ့ နည်းပြချုပ် လူးဝစ် အင်းနရစ်ဟာ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများဖြင့် ကုသမှုခံယူခဲ့ပြီး သူရဲ့ကျိုးသွားတဲ့ ညှပ်ရိုးအတွက် ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။”
“ကလပ်အသင်းအနေနဲ့ ကျွန်တော်တို့ရဲ့ အပြည့်အဝထောက်ခံမှုကို ဖော်ပြအပ်ပြီး နည်းပြကြီး အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ နောက်ထပ်အခြေအနေများကို အချိန်မီ ထပ်မံထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။