နည်းပြ မီခယ်လ် အာတီတာရဲ့ အာဆင်နယ်အသင်းကို ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုဖလားကို ရရှိစေချင်တယ်လို့ ပီအက်စ်ဂျီ နည်းပြဖြစ်သူ လူးဝစ် အင်းနရစ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်းလည်းဖြစ် နာမည်ကျော် နည်းပြကြီး ပက်ပ် ဂွာဒီယိုလာရဲ့ လက်ထောက်ဟောင်းဖြစ်တဲ့ အာတီတာဟာ အာဆင်နယ်အသင်းဆီ နည်းပြအဖြစ် တာဝန်ယူပြီးနောက်ပိုင်း အသင်းကို အကောင်းဆုံး အခြေအနေဖြစ်အောင် တဖြည်းဖြည်းချင်းစီနဲ့ ပြောင်းလဲလာနိုင်ခဲ့ပါတယ်။

Photo Credit : SPORTbible

အာတီတာက သူရဲ့ အာဆင်နယ်အသင်းကို ဒီနှစ်ဘောလုံးရာသီထဲမှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေရအောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ကွာတားအဆင့်ထိပါ ပို့ဆောင်ပေးထားနိုင်ပါတယ်။

အာတီတာဟာ အာဆင်နယ်အသင်းကို စတင် ကိုင်တွယ်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကနေ လက်ရှိအချိန်ထိ အက်ဖ်အေဖလား (၁)ကြိမ် ကွန်မြူနတီဒိုင်း (၂)ကြိမ်ထိ ရယူထားနိုင်ခဲ့ပြီး အခုဆိုရင်လည်း အသင်းနဲ့ နှစ်ပေါင်းများစွာ ကွာဝေးနေတဲ့ ပရီးမီးယားလိဂ်ဖလားနဲ့ အသင်းက လုံးဝမရဖူးသေးတဲ့ ချန်ပီယံလိဂ်ဖလားတို့ပါ ရယူပေးနိုင်ဖို့ အခြေအနေတွေ ကောင်းမွန်နေပါတယ်။

Photo Credit : Sport Brief

အာတီတာရဲ့ အာဆင်နယ်အသင်းနဲ့ ပတ်သက်ပြီးတော့ အာတီတာလို လာမာစီယာ အကယ်ဒမီထွက်ဖြစ်တဲ့ လူးဝစ် အင်းနရစ်က သူ့အနေနဲ့ ဒီရာသီမှာ အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ်ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာစေချင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

“ဒီရာသီမှာ ဘယ်သူ့ကို အင်္ဂလန်ရဲ့ ထိပ်တန်း အမှတ်ပေးလိဂ် ချန်ပီယံ ဖြစ်လာစေချင်သလဲလို့ မေးလာခဲ့ရင် ကျွန်တော်ကတော့ မီခယ်လ်(အာတီတာ)ကိုပဲ ဖြစ်စေချင်ပါတယ်။ တကယ်လို့ သူမှ မဟုတ်ရင်တော့ ကျွန်တော်က ပက်ပ်(ဂွာဒီယိုလာ)ကို ဖြစ်စေချင်တယ်။ ဒါမှမဟုတ်ရင် လီဗာပူးလ် သို့မဟုတ် အူနိုင်း အမ်မရီရဲ့ဗီလာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ မန်စီးတီးကပဲ ဖြစ်နိုင်ခြေ အများဆုံးလို့ ထင်မိတယ်။” လို့ အင်းနရစ်က ပြောကြားသွားခဲ့ပါတယ်။