ပီအက်စ်ဂျီနည်းပြ လူးဝစ် အင်းနရစ်က သူတို့အသင်း သမိုင်းဝင် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရာမှာ ရှေ့ဆောင် ဦးဆောင်ခဲ့တဲ့ တိုက်စစ်ကစားသမား အူစမန် ဒမ်ဘီလီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဘာလွန်းဒေါဆုနဲ့ ထိုက်တန်သူဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က မြူးနစ်မှာ အင်တာမီလန်ကို ၅-၀ နဲ့ အနိုင်ရရှိပြီး သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ အင်းနရစ်ရဲ့ Treble Champions အသင်းအတွက် ဒူအီက (၂)ဂိုးသွင်းယူခဲ့ပြီး ဟာခီမီ ခွာရတ်စကယ်လီယာနဲ့ လူစားဝင် ချာတိတ်ေ်လး မာယူးလူးတို့ကလည်း ဂိုးတွေ သွင်းယူခဲ့ကြပါတယ်။

Photo Credit : Goal

ကိုယ်တိုင် ဂိုးမသွင်းခဲ့ပေမဲ့ ဒူအီနဲ့ ခွာရတ်စကယ်လီယာတို့အတွက် ဂိုးဖန်တီးပေးခဲ့တဲ့ ဒမ်ဘီလီဟာ ပွဲအပြီးမှာ နည်းပြရဲ့ ချီးကျူးဂုဏ်ပြုမှုကို အများဆုံး ရရှိခဲ့ပါတယ်။ “ဘာလွန်းဒေါဆု ဘယ်သူ့ကို ပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး လူတိုင်း စိတ်ဝင်စားနေကြပါတယ်။ ဒမ်ဘီလီဟာ ဒီဗိုလ်လုပွဲမှာ ခံစစ်ပိုင်းမှာ သူဘယ်လို ကစားခဲ့လဲဆိုတာကြောင့် သူ့ကို ဘာလွန်းဒေါဆု ပေးပါ့မယ်။ ဒါက အသင်းကို ဦးဆောင်တယ်လို့ ခေါ်တာပါပဲ။”

“ကျွန်တော် ရိုးသားစွာ ယုံကြည်တာကတော့ သူဟာ ဘာလွန်းဒေါဆုနဲ့ ထိုက်တန်ပါတယ်။ ဒါက သံသယမရှိပါဘူး။ သူရခဲ့တဲ့ ဆုဖလားတွေ သွင်းခဲ့တဲ့ ဂိုးတွေကြောင့်သာမက သူ့ရဲ့ ဖိအားပေး ကစားပုံကြောင့်လည်း ဖြစ်ပါတယ်။ တစ်ရာသီလုံး ဒီလို ကစားခဲ့ပေမဲ့ ဒီဗိုလ်လုပွဲမှာ ထူးထူးခြားခြား ကစားပြခဲ့ပါတယ်။” လို့ အင်းနရစ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : The Playoffs

အသက်(၂၈)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ ဆုဖလား(၄)လုံးအထိ ရယူထားနိုင်ခဲ့သလို တစ်ရာသီလုံးမှာလည်း ပြိုင်ပွဲစုံ (၄၉)ပွဲကစား (၃၃)ဂိုးသွင်းထားသလို (၁၅)ဂိုးအထိ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ ဒမ်ဘီလီဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့သလို လီဂူးဝမ်းရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုတို့ကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီး လက်ရှိ ၂၀၂၅ ဘာလွန်းဒေါဆုအတွက်လည်း ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။