၂၀၂၄-၂၅ ရာသီမှာ ပီအက်စ်ဂျီဟာ အက်သလက်တီကို အာဆင်နယ် မန်စီးတီး လီဗာပူးလ်နဲ့ အင်တာမီလန် အပါအဝင် ပြိုင်ဘက် ခက်ခဲတဲ့ အသင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ကို အကောင်းဆုံး ခံစစ်ကစားနိုင်ခဲ့တဲ့ အသင်းကတော့ ဘိုတာဖိုဂိုပဲလို့ နည်းပြ လူးဝစ် အင်းနရစ်က ပြောကြားလိုက်ပါတယ်။ ဒီအံ့အားသင့်စရာရလဒ်က ကလပ်ကမ္ဘာ့ဖလားပွဲမှာ ဖြစ်ခဲ့တာပါ။ ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုက ချန်ပီယံလိဂ်ဖလားရှင် ပီအက်စ်ဂျီကို ၁-၀ နဲ့ အနိုင်ယူပြီး အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

စပိန်နည်းပြ အင်းနရစ်က တောင်အမေရိက ကလပ်အသင်းရဲ့ နည်းစနစ်ပိုင်းချဉ်းကပ်မှုကို ချီးကျူးခဲ့ပြီး သူ့အသင်း တစ်နှစ်ပတ်လုံး ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေထဲမှာ အထိရောက်ဆုံး ခံစစ်ကစားပြခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ ပီအက်စ်ဂျီက သာလွန်ခဲ့ပေမယ့် ဘိုတာဖိုဂိုရဲ့ low block ခံစစ်ကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ဘဲ ဂိုးပေါက်တည့် ကန်သွင်းခွင့် ၂ ကြိမ်သာ ရရှိခဲ့ပါတယ်။

Photo Credit : The Seattle Times

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ AS ရဲ့ မေးခွန်းကို ဖြေကြားရင်း အင်းနရစ်က “ဒီနေ့ ဘိုတာဖိုဂိုဟာ ရာသီတစ်လျှောက်လုံး ကျွန်တော်တို့ကို အကောင်းဆုံး ခံစစ်ကစားနိုင်ခဲ့တဲ့ အသင်းလို့ ထင်ပါတယ်။ သူတို့က အလွန်ကောင်းမွန်ပါတယ်။ အရမ်းကို ထိရောက်ပြီး ခံစစ်က တောင့်တင်းပါတယ်။ ကောင်တာတိုက်စစ်ကနေ အခွင့်အရေးတွေလည်း ရခဲ့ပြီး ဒါက သူတို့ကို အားအများကြီး ဖြစ်စေခဲ့ပါတယ်။ သူတို့ အကောင်းဆုံး ခံစစ်ကစားခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က low block ခံစစ်နဲ့ ကစားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်နေကျ ဖြစ်ပေမယ့် ဘယ်တော့မှ မလွယ်ကူပါဘူး။ ဘိုတာဖိုဂိုက အကောင်းဆုံး လုပ်ပြခဲ့တာမို့ သူတို့ကို ဂုဏ်ပြုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီရှုံးပွဲဟာ ပြင်သစ်ချန်ပီယံတွေရဲ့ ၆ ပွဲဆက်တိုက် နိုင်ပွဲမှတ်တမ်းကို ရပ်တန့်စေခဲ့ပါတယ်။ အဲဒီနိုင်ပွဲတွေထဲမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅-၀ နဲ့ အနိုင်ရခဲ့တာနဲ့ ကလပ် ကမ္ဘာ့ဖလားပွဲမှာ အက်သလက်တီကို မက်ဒရစ်ကို အပြတ်အသတ် အနိုင်ယူခဲ့တာတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အင်းနရစ်ကတော့ အံ့အားသင့်ခြင်း မရှိခဲ့ပါဘူး။ “အစကတည်းက ခက်ခဲလိမ့်မယ်လို့ ထင်ထားတာပါ။ ဒါက ပုံမှန်ပါပဲ။ ကျွန်တော်တို့နဲ့ ကစားရတာက ပြိုင်ဘက်တွေကို အပိုဆောင်း စိတ်အားထက်သန်မှု ပေးပါတယ်။ ကျွန်တော်တို့ တိုးတက်ဖို့ လိုပါတယ်။ ဒါကိုပဲ ဒီအပတ်အစကတည်းက ပြောခဲ့တာဖြစ်ပြီး ပြဿနာတွေ ကြုံရတာ ပုံမှန်ပါပဲ” လို့ ဆိုခဲ့ပါတယ်။

Photo Credit : Metro

နည်းပြက အသင်း ပြန်လည်စုစည်းနိုင်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ဘာတွေ ကောင်းကောင်း လုပ်နိုင်ခဲ့လဲဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး ဘာတွေ တိုးတက်အောင် လုပ်နိုင်မလဲဆိုတာကို ကြည့်ဖို့ လိုပါတယ်။ ဒီရလဒ်ကို ဘယ်သူမှ မျှော်လင့်မထားပေမယ့် ကျွန်တော်တို့ အသင်းက ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်နိုင်အောင် တည်ဆောက်ထားတာပါ” လို့ သူက ပြောပါတယ်။

ပီအက်စ်ဂျီဟာ အခုတော့ ဇွန်လ ၂၃ ရက်မှာ အမေရိကန် မေဂျာလိဂ်ကလပ် ဆီယက်တဲလ် ဆောင်းဒါးစ်အသင်းနဲ့ ကစားရမယ့် နောက်ဆုံး အုပ်စုပွဲစဉ်ကို အာရုံစိုက်နေပါတယ်။ ပီအက်စ်ဂျီ နဲ့ အက်သလက်တီကိုတို့ နှစ်သင်းစလုံး ၃ မှတ်စီ ရထားပြီး ဘိုတာဖိုဂိုက ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။ အုပ်စု ထိပ်ဆုံး ၂ သင်းသာ ရှုံးထွက်အဆင့်ကို တက်ရောက်မှာ ဖြစ်ပါတယ်။