ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရတဲ့အခါ နည်းပြလူးဝစ် အန်နရီကေးက အာဆင်နယ်နည်းပြ မီခေးလ် အာတီတာနဲ့ ထိပ်တိုက် တွေ့ဆုံရမှာဖြစ်ပြီး အာဆင်နယ်နည်းပြမှာ သူ့ထက်ပိုပြီး အားသာချက်တစ်ခု ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။ အန်နရီကေးက အာတီတာရဲ့ အာဆင်နယ်မှာ ကြာရှည်စွာ တာဝန်ယူထားမှုက ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရချိန်မှာ သူ့အတွက် အားသာချက်တစ်ခု ဖြစ်စေတယ်လို့ အရင်ကတည်းက အလေးပေး ပြောဆိုခဲ့ဖူးပါတယ်။ အာတီတာဟာ အမ်းမရိတ်စ်ကွင်းမှာ သူ့ရဲ့ ပဉ္စမမြောက် ဘောလုံးရာသီကို ရောက်ရှိနေပြီဖြစ်ပြီး ပြင်သစ်ကလပ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားရဖို့ရှိချိန်မှာ သူ့ရဲ့ နည်းစနစ် အတွေးအခေါ်တွေကို အသင်းမှာ အပြည့်အဝ အမြစ်တွယ်စေထားပြီး ဖြစ်ပါတယ်။

ဒါဟာ ဒီရာသီမှာ သူတို့နှစ်သင်း ဒုတိယအကြိမ် ရင်ဆိုင်တွေ့ဆုံမှုလည်း ဖြစ်လာမှာပါ။ ဆောင်းဦးရာသီတုန်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် league phase ပွဲမှာတော့ အာဆင်နယ်က လီဂူး-၁ ကလပ် ပီအက်စ်ဂျီကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး အဲ့ဒီပွဲမှာ ပီအက်စ်ဂျီတို့ မြောက်လန်ဒန်မှာ သိပ်ပြီး စိန်ခေါ်မှု မပြုနိုင်ခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာတော့ ပီအက်စ်ဂျီက ခြေစွမ်းတိုးတက်လာခဲ့ပြီး ပြင်သစ်လိဂ် ချန်ပီယံဆုကို ထပ်မံ ရယူနိုင်ခဲ့သလိုချန်ပီယံလိဂ်မှာလည်း လီဗာပူးလ်နဲ့ အက်စတွန် ဗီလာတို့ကို ပြိုင်ပွဲကနေ အနိုင်ယူ ဖယ်ရှားခဲ့ပါတယ်။ အန်နရီကေးဟာ ရာသီကုန်ပိုင်း အရေးကြီးတဲ့ အချိန်မှာ အသင်းကို အကောင်းဆုံးပုံစံ ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် အောက်တိုဘာလတုန်းက အာဆင်နယ်ကွင်းမှာ ပီအက်စ်ဂျီ ရှုံးနိမ့်ခဲ့စဉ်က အန်နရီကေးက အာတီတာရဲ့ အသင်းဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဘယ်လောက် ရှေ့ရောက်နေပြီလဲ ဆိုတာကိုကြည့်ရင် အနိုင်ရသွားတာ ထင်ရှားတယ်ဆိုတဲ့ သဘောမျိုး ပြောခဲ့ပုံရပါတယ်။ အန်နရီကေးက “မီခေးလ် အာတီတာက အာဆင်နယ်ကို (၅)နှစ် (၆)နှစ်လောက် ကိုင်တွယ်လာတာ။ ကျွန်တော်က ဒီအသင်းကို (၁)နှစ်နဲ့ (၂)လပဲ ကိုင်ရသေးတယ်။ ကျွန်တော်တို့ ဘယ်အနေအထားရောက်နေလဲ မသိဘူး။ ဘယ်ကို သွားချင်လဲဆိုတဲ့ ရှင်းလင်းတဲ့ စိတ်ကူးတော့ ရှိတယ်။ ဒါပေမယ့် အချိန်ဘယ်လောက် လိုအပ်မလဲတော့ ကျွန်တော်မသိဘူး။” လို့ ဆိုခဲ့ပါတယ်။

ပြည်တွင်းပြိုင်ပွဲတွေမှာ လက်လွှတ်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်ဟာ အာဆင်နယ်အတွက် ဒီနှစ်မှာ ဆုဖလားတစ်ခုခု ရယူနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေပါတယ်။ အာတီတာဟာ အကြိမ်ပေါင်းများစွာ ဆုဖလားနဲ့ လွဲချော်ခဲ့မှုတွေအပြင် ကစားသမား ခေါ်ယူမှုတွေအတွက် သန်းပေါင်းများစွာ သုံးစွဲခွင့် ရခဲ့ပြီးနောက်မှာ ဆုဖလားတစ်ခု ယူဆောင်လာပေးဖို့ ဖိအားတွေ တိုးမြင့်လာနေပါတယ်။

Photo Credit : BBC

တစ်ဖက်မှာတော့ PSG ဟာ အူစမန်ဒမ်ဘီလီ တိုက်စစ်ကို ဦးဆောင်ပြီး နောက်ဆုံးမှာတော့ ခြေမှန်လာခဲ့ပါပြီ။ ဇန်နဝါရီလက ခဗီချာ ကဗာရက်စ်ခီလီယာကို ခေါ်ယူမှုက သူတို့ရဲ့ တိုက်စစ်ပိုင်းကို ပိုမိုအားဖြည့်ပေးခဲ့သလို ဗီတင်ညာနဲ့ နူနိုမန်ဒက်စ်တို့လို ကစားသမားတွေကလည်း ပုံမှန်ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ အန်နရီကေးကလည်း အမ်းမရိတ်စ်ကွင်းမှာ ကစားမယ့် ပထမအကျော့ မတိုင်ခင် အာဆင်နယ်ရဲ့ ခြိမ်းခြောက်မှုတွေအကြောင်း အကုန်သိတယ်လို့ ဆိုထားပါတယ်။

“အာဆင်နယ်ကို စပြီး သုံးသပ်နေပြီလား။ မဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အာဆင်နယ်ကို အပြည့်အဝ သိပြီးသားမို့လို့ပဲ။ တော်တော်ကြာကတည်းက ဒါ ကျွန်တော် လေ့လာစောင့်ကြည့်နေတဲ့ အသင်းပါ။ ကျန်တာတွေကတော့ ကျွန်တော်တို့မှာ ရှိတဲ့ အရည်အသွေးတွေ ကျွန်တော်တို့မှာ ရှိတဲ့ အားနည်းချက်တွေက အတူတူပါပဲ။ ကျွန်တော်တို့ တိုးတက်နိုင်ပါတယ်။ ဟုတ်တယ် ဒါပေမယ့် အနုတ်လက္ခဏာဆောင်တဲ့ အရာတွေကိုပဲ အာရုံစိုက်နေရင်တော့ ဒါခင်ဗျားတို့ ပြဿနာပဲ။ ကျွန်တော်တို့ အဲ့လို မလုပ်ဘူး။ ဟုတ်ပါတယ် ကျွန်တော်တို့ တိုးတက်ချင်ပါတယ်။ ဒါပေမယ့် ပြည့်စုံတဲ့အသင်းဆိုတာ မရှိပါဘူး၊ ကျွန်တော်တို့လည်း ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ချန်ပီယံလိဂ်ကို အရမ်းအာရုံစိုက်နေလို့ ရာသီရဲ့ ကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုကို ရောက်လာနေပါပြီ။ အာဆင်နယ်နဲ့ပွဲမှာ ပီအက်စ်ဂျီရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရမှာပါ။” လို့ အန်နရီကေးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။