ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် အင်းနရစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ပြိုင်ဘက် ဘာစီလိုနာကို ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ ဘာစီလိုနာကို ၁ယောက်အသာနဲ့ ကစားခွင့် ရခဲ့လို့ အနိုင်ရခဲ့တာမျိုး မဟုတ်ပဲ ၁၁ယောက်ချင်း ယှဉ်ကန်ရရင်လည်း အနိုင်ရဦးမှာပဲလို့ ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

အင်းနရစ် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပီအက်စ်ဂျီက ဘာစီလိုနာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်မှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယနေ့မနက်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲမှာ ဘာစီလိုနာကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Squawka

ဒါကြောင့်ပဲ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ ပွဲစဉ်မှာ အင်းနရစ်က မြန်နှုန်းမြင့် ကစားသမားတွေ ဖြစ်ကြတဲ့ ဒမ်ဘီလီ ၊ အမ်ဘာပေနဲ့ ဘာကိုလာတို့ကို တိုက်စစ်မှာ ထားကာ ဘာစီလိုနာကို အနိုင်ယူဖို့ စီစဉ်ခဲ့ပြီး အနိုင်ရဖို့ လိုအပ်နေတဲ့ ပီအက်စ်ဂျီက ပွဲစတာနဲ့ ဘာစီလိုနာကို ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၁၂မိနစ်မှာတော့ ယာမယ်လ်ရဲ့ လှပတဲ့ ပေးပို့မှုကို ရာဖင်ညာက အနီးကပ် ပိတ်သွင်းကာ ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပီအက်စ်ဂျီက ပွဲအစမှာတင် အခက်တွေ့ခဲ့ရပါတယ်။ အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် ပီအက်စ်ဂျီက ချေပဂိုးတွေ ပြန်သွင်းဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၂၈မိနစ်မှာတော့ ဘာစီလိုနာ ခံစစ်မှူး အာရူဟိုက ဘာကိုလာရဲ့ တိုက်စစ်ဆင်မှုကို တားဆီးဖို့ ကြိုးစားရင်း ပြစ်ဒဏ်ကျူးလွန်မိခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ထိခဲ့ပါတယ်။

Photo Credit: Goal

၁၀ယောက် ၊ ၁၁ယောက် ဖြစ်သွားပြီးနောက် ဘာစီလိုနာရဲ့ ကစားပုံရော စိတ်ဓာတ်ပိုင်းပါ ပျက်စီးသွားခဲ့တာကြောင့် ပီအက်စ်ဂျီကသာ ဘာစီလိုနာကို တရစပ် တိုက်စစ်ဆင် ကစားပြီး လိုအပ်နေတဲ့ ချေပဂိုးတွေနဲ့ သွင်းဂိုးတွေကို ဆက်တိုက် သွင်းယူခဲ့ကာ ပီအက်စ်ဂျီ အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဒမ်ဘီလီ ၊ အမ်ဘာပေနဲ့ ဗီတင်ညာတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဘာစီလိုနာကို နှစ်ကျော့ပေါင်းရလဒ် ၄-၆နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီနည်းပြချုပ် အင်းနရစ်က သူ့ရဲ့ ကစားသမားတွေက အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့တာကြောင့် အသင်းအတွက် ဂုဏ်ယူမိပြီး သူတို့အသင်းဟာ ၁၁ယောက်ချင်း ယှဉ်ကစားရရင်လည်း ဘာစီလိုနာကို အနိုင်ယူနိုင်လိမ့်မယ် လို့ ဆိုလာပါတယ်။ အင်းနရစ်က – “ကျွန်တော်က အသင်းအတွက် အများကြီး ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေက မှန်ကန်တဲ့ စိတ်ထားနဲ့ ပြင်းပျတဲ့ ဆန္ဒတွေကို ကောင်းကောင်းကြီး ပြသခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့က ဆီမီးဖိုင်နယ် အတွက် ပြင်ဆင်ဖို့ပဲ လိုအပ်ပါတော့တယ်။ အမ်ဘာပေလား။ သူက ကျွန်တော်တို့အသင်းရဲ့ ခေါင်းဆောင်ပါ။ ကျွန်တော်က ကစားသမားတွေ အားလုံး အတွက် ပျော်ရွှင်မိပါတယ်။ ဒီနေ့ပွဲမှာ ကစားသမားတိုင်းက အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့ကြပါတယ်။ ကျွန်တော်က ဗီတင်ညာနဲ့ ဒမ်ဘီလီတို့ကိုတော့ အထူး ချီးကျူးချင်ပါတယ်။ ကျွန်တော်တို့က ဘာစီလိုနာနဲ့ ၁၁ယောက်ချင်းစီ ယှဉ်ကစားရရင်လည်း အနိုင်ရဦးမှာပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။