ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ အင်းနရစ်က သူတို့အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ နယူးကာဆယ်ကို အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းကောင်းခဲ့ပါတယ်လို့ ဆင်ခြေပေးလာခဲ့ပါတယ်။

အင်းနရစ်ရဲ့ ပီအက်စ်ဂျီက ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ နယူးကာဆယ် ၊ အေစီမီလန် ၊ ဒေါ့မွန် စတဲ့ နာမည်ကြီးအသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး သူတို့အုပ်စုဟာ မရဏအုပ်စု အဖြစ် တင်စားခံထားရပါတယ်။

Photo Credit: Goal

အုပ်စုတွင်းမှာ ပီအက်စ်ဂျီက အားအကောင်းဆုံးအသင်း ဖြစ်သလို အုပ်စုအဖွင့်ပွဲမှာ ဒေါ့မွန်ကိုလည်း အနိုင်ယူထားပေမယ့် အုပ်စု ဒုတိယပွဲမှာတော့ ပီအက်စ်ဂျီက အုပ်စုတွင်း အားအနည်းဆုံးအသင်းလို့ ပြောရမယ့် နယူးကာဆယ်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ပီအက်စ်ဂျီတို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပြီး ပီအက်စ်ဂျီက ပထမပိုင်းမှာ ကစားပုံ လေးလံနေခဲ့တာကြောင့် တက်ကြွနေတဲ့ အိမ်ရှင် နယူးကာဆယ်က ပထမပိုင်းမှာတင် ပီအက်စ်ဂျီဘက်ကို သွင်းဂိုး ၂ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: PSG

အဆိုပါပွဲမှာ နယူးကာဆယ် အတွက် သွင်းဂိုးတွေကို အယ်မီရွန် ၊ ဘန်း ၊ လောင်းစတပ်ဖ်နဲ့ ရှခီရာတို့က အသီးသီး သွင်းယူပေးခဲ့​ကြပြီး ပီအက်စ်ဂျီအတွက် တလုံးထဲသော ချေပဂိုးကိုတော့ နောက်ခံလူ ဟာနန်ဒက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ပီအက်စ်ဂျီပရိသတ်တွေက အင်းနရစ်နဲ့ ပီအက်စ်ဂျီ အသင်းသားတွေကို ဒေါသထွက်နေကြပေမယ့် အင်းနရစ်ကတော့ သူတို့အသင်းဟာ ခြေစွမ်းကောင်းခဲ့ပြီး ခြေစွမ်းနဲ့ မထိုက်တန်တဲ့ ရလဒ်ကို ရခဲ့တာပါလို့ ဆိုလာပါတယ်။ အင်းနရစ်က – “နည်းပြတဦးအနေနဲ့ တခါတလေမှာ ခက်ခဲတဲ့ ပွဲတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ပွဲအစပိုင်းမှာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းက ကောင်းခဲ့ပါတယ်။ ဖိအားတွေနဲ့ ကစားနေရတဲ့ အချိန်မှာလည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ခြေစွမ်းတွေက အမြင့်ဆုံးကို ရောက်ခဲ့သလို ကျွန်တော်တို့က ပွဲရဲ့ ပထမဦးဆုံး ဂိုးသွင်းခွင့်ကိုလည်း ရခဲ့တာပါ။ ဒါကြောင့် ဒီရလဒ်က ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ရလဒ် မဟုတ်ပဲ မမျှတတဲ့ ရလဒ် တခု ဖြစ်ပါတယ်။ နယူးကာဆယ်ကိုတော့ နိုင်ပွဲအတွက် ဂုဏ်ပြုချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။