စပိန်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ လူးဝစ် အင်းနရစ်က သူဟာ သူ့သမီးရဲ့ ငြူစူတာကို မခံရအောင် သမီးရဲ့ ချစ်သူ ဖြစ်သူ ဖာရန်း တောရက်စ်ကို ပွဲတိုင်း ထည့်ကန်နေရတယ်လို့ ကမ္ဘာ့ဖလား အုပ်စုပွဲတွေမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ ရယ်သွမ်းသွေးကာ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်နဲ့ ဘာစီလိုနာ တောင်ပံတိုက်စစ် ကစားသမား ဖာရန်း တောရက်စ်က မိုရာတာနဲ့အတူ တွဲဖက်ကာ စပိန်ရဲ့ တိုက်စစ်ကို ဦးဆောင်ခွင့် ရနေသူ ဖြစ်ပြီး သူဟာ စပိန်အသင်း အတွက် ၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။

Photo Credit: Marca

ဖာရန်း တောရက်စ်က ကလပ်အသင်းမှာ တောင်ပံတိုက်စစ် နေရာမှာသာ အဓိက ကစားခဲ့ရပေမယ့် စပိန်အသင်းဆီ ရောက်လာတဲ့ အချိန်တိုင်း နောက်ချန်တိုက်စစ်နဲ့ တိုက်စစ်မှူး နေရာတွေမှာ ကစားရလေ့ ရှိပြီး သူဟာ ယခု ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူပါ။

ဖာရန်း တောရက်စ်က စပိန်အသင်း အတွက် ကစားပေးတိုင်း ခြေစွမ်းပြလေ့ ရှိတာကြောင့် စပိန်နည်းပြ အင်းနရစ်ရဲ့ လက်စွဲတော် ကစားသမားတွေထဲက တဦး ဖြစ်သလို တဖက်မှာလည်း သူဟာ အင်းနရစ်ရဲ့ သမီးချော ဆီရာ မာတီနက်ဇ်နဲ့ ချစ်ကြိုးသွယ်နေပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်းနရစ်က သူဟာ သမီးဖြစ်သူ ဆီရာကို ကြောက်ရတာကြောင့် ဖာရန်း တောရက်စ်ကို ပွဲတိုင်း ကစားခွင့် ပေးနေရတာ ဖြစ်ပြီး အကယ်၍ သူကသာ ဖာရန်း တောရက်စ်ကို ကစားခွင့် မပေးရင် ဆီရာဟာ သူ့ကို လာဆူလိမ့်မယ်လို့ စနောက်သွားခဲ့တာပါ။

အင်းနရစ်က – “ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အတွက် မဖြစ်မနေ ကစားခွင့် ပေးရမယ့် ကစားသမားလား။ ဒါကတော့ ရှင်းပါတယ်။ မစ္စတာ ဖာရန်း တောရက်စ်ပါ။ တကယ်လို့ ကျွန်တော်ကသာ သူ့ကို ကစားခွင့် မပေးရင် ဆီရာက (သူ့သမီး) ကျွန်တော့်ဆီ လာပြီး ကျွန်တော့်ကို ခေါင်းပြတ်သွားအောင် လာလုပ်နေပါလိမ့်မယ် (ရယ်လျက်)” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။