ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ ချယ်လ်ဆီးတိုက်စစ်ကစားသမား ဂျာအို ပက်ဒရိုရဲ့ လည်ပင်းကို ဆွဲကိုင်ပြီး ပွဲကြည့်စင်ပေါ်မှာ ပရမ်းပတာဖြစ်အောင် လုပ်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ် အင်းနရစ်က ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းပြောကြားလိုက်ပါတယ်။
နယူးဂျာစီပြည်နယ် MetLife အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းဟာ ၂၀၂၅ ခုနှစ် ချန်ပီယံလိဂ်ဆုရှင် PSG အသင်းကို အံ့အားသင့်ဖွယ် (၃-၀) နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ကိုးလ်ပါးလ်မာက နှစ်ဂိုးသွင်းယူခဲ့ပြီး အသင်းရဲ့ ကစားသမားသစ် ဂျာအို ပက်ဒရိုက နောက်ထပ်တစ်ဂိုး သွင်းယူပေးခဲ့တာကြောင့် လန်ဒန်ကလပ် ချယ်လ်ဆီးတို့ အောင်ပွဲခံခဲ့ရပါတယ်။
Photo Credit : Goal
တစ်ဖက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ အဓိကဆုဖလားတစ်ခုကို လက်လွှတ်ခဲ့ရတဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပြီး ပွဲအပြီးမှာတော့ တင်းမာမှုတွေက အရှိန်မြင့်တက်လာခဲ့ပါတယ်။ နှစ်သင်းစလုံးက ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ ကွင်းထဲမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပြီး အကျည်းတန်တဲ့ မြင်ကွင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဒီရုန်းရင်းဆန်ခတ်မှုမှာ ပီအက်စ်ဂျီရဲ့ စပိန်လူမျိုးနည်းပြ အင်းနရစ်က အဓိကပါဝင်ခဲ့ပြီး ချယ်လ်ဆီးရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ပက်ဒရိုနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ ပီအက်စ်ဂျီ နည်းပြချုပ်က ချယ်လ်ဆီးကစားသမားကို တွန်းဖယ်ခဲ့ပြီးနောက် သူ့ရဲ့လည်ပင်းကို ဆွဲညှစ်ခဲ့တာကြောင့် တောင်အမေရိကတိုက်သား ကစားသမားက မြက်ခင်းပေါ် လဲကျသွားခဲ့ပါတယ်။
Photo Credit : talkSPORT
ပွဲအပြီးမှာတော့ အင်းနရစ်က သူဟာ အခြေအနေကို ပိုဆိုးအောင်လုပ်ဖို့ ကြိုးစားခဲ့တာမဟုတ်ဘဲ အရှိန်မြင့်နေတဲ့ အခြေအနေကို လျှော့ချဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ဖိအားအရမ်းများနေတဲ့ ပွဲတစ်ပွဲရဲ့အဆုံးမှာ ကျွန်တော့်ရဲ့ခံစားချက်ကို ထုတ်ဖော်ပြသဖို့ ဘာပြဿနာမှ မရှိပါဘူး။ ဒါက ကျွန်တော်တို့အားလုံးအတွက် အရမ်းကို စိတ်ဖိစီးစရာကောင်းပါတယ်။ ဒါကိုရှောင်လွှဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတိုင်းပါဝင်ပတ်သက်ခဲ့ကြပါတယ်။ ဒါက အကောင်းဆုံးအရာတော့ မဟုတ်ခဲ့ပေမယ့် ပွဲရဲ့ဖိအားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်ပါပဲ။” လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ကျွန်တော် (ချယ်လ်ဆီးနည်းပြ အန်ဇို) မာရက်စကာကို မြင်လိုက်တယ်။ သူက တခြားသူတွေကို တွန်းနေတာကို တွေ့တော့ ကျွန်တော်တို့က ကစားသမားအားလုံးကို ဝင်ခွဲခဲ့ရတယ်။ အဲ့ဒီဖိအားတွေ ဘယ်ကလာမှန်းတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဒါက ကျွန်တော်တို့အားလုံး ရှောင်ရှားရမယ့် အခြေအနေတစ်ခုပါ။ ပြောစရာတောင်မလိုပါဘူး။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်က ကစားသမားတွေကို ဝင်ခွဲပြီး အခြေအနေတွေ ပိုမဆိုးလာအောင် တားဆီးဖို့ပါပဲ။” လို့ သူက ဆက်ပြောပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတစ်သင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရတဲ့အပေါ် ဘာစီလိုနာနည်းပြဟောင်း အန်နရီကေးက “ကျွန်တော်တို့က ရှုံးနိမ့်သူတွေ မဟုတ်ပါဘူး။ ရှုံးနိမ့်သူဆိုတာ မရှိပါဘူး။ ကျွန်တော်တို့က ဒုတိယရတဲ့သူတွေပါ။ ရှုံးနိမ့်သူဆိုတာက လက်မြှောက်အရှုံးပေးလိုက်တဲ့သူကို ခေါ်တာပါ။ ဒီလို အဆင့်မြင့်အားကစားလောကမှာ ရှုံးနိမ့်သူရယ်လို့ လုံးဝမရှိပါဘူး။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။