ပီအက်စ်ဂျီအသင်းကို ဥရောပရဲ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ထားသော်လည်း ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ် အင်းနရစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အင်တာမီလန်အသင်းက သူရဲ့ကလပ်အသင်းဟောင်း ဘာစီလိုနာကို ကျော်ဖြတ်ခဲ့တဲ့ပုံစံကို အထင်ကြီးမိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အင်းနရစ်က “ပွဲကို တိုက်ရိုက်ကြည့်ခဲ့သလို နောက်ပိုင်းမှာလည်း ပြန်ကြည့်ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာပရိသတ်တစ်ယောက်အနေနဲ့ရောပေါ့။ အသင်းနှစ်သင်းလုံးရဲ့ခြေစွမ်းအရဆိုရင်တော့ နှစ်သင်းလုံး ဗိုလ်လုပွဲတက်ဖို့ ထိုက်တန်ပါတယ်။ အင်တာက နှစ်ပေါင်းများစွာ အဆင့်မြင့်မြင့် ကစားလာတဲ့အသင်းပါ။ နည်းပြနဲ့ အဓိကကစားသမားအုပ်စုက အရမ်းစည်းလုံးညီညွတ်ပြီး တခြားအသင်းတော်တော်များများနဲ့ ကစားပုံကွဲပြားပါတယ်။”

Photo Credit : CBS Sports Golazo

“သူတို့က ရှေ့တန်းကနေရော နောက်တန်းကနေပါ ခံစစ်ဆော့နိုင်သလို အဲ့ဒါက သူတို့ရဲ့ pressing ကစားပုံမှာ အမျိုးမျိုး ပြောင်းလဲနိုင်စွမ်းကို ဖန်တီးပေးပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ သူတို့က တကယ့်အသင်းတစ်သင်းပါပဲ။ လူတိုင်းက အုပ်စုအတွက် ကိုယ့်အလုပ်ကိုယ်လုပ်ကြတယ်။ တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေရှိသလို ဘောလုံးရွှေ့လျားနိုင်စွမ်းလည်း ကောင်းမွန်ပြီး ဘာလုပ်ရမယ်ဆိုတာကို အတိအကျသိကြပါတယ်။”

“ကျွန်တော်ထင်တာကတော့ ဒါက အရမ်းပွင့်လင်းတဲ့ ဗိုလ်လုပွဲ အရမ်းပြိုင်ဆိုင်မှု ပြင်းထန်မယ့်ပွဲ ကလပ်နှစ်သင်းရဲ့ ပရိသတ်တွေအတွက်သာမက ဘောလုံးချစ်သူအားလုံးအတွက် ကြည့်လို့ကောင်းမယ့် ပွဲကြီးတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အင်တာကစားပုံကို ကျွန်တော် တကယ်ကြိုက်တယ်။ သူတို့က တိုက်စစ်ဆင်ရတာကို ကြိုက်သလို အဲ့ဒီအတွက် ကစားသမား အများကြီးကိုလည်း နေရာချထားတတ်တယ်။ တကယ့်ကို ကြည့်ကောင်းမယ့်ပွဲကြီးတစ်ပွဲ ဖြစ်လာမှာပါ။” လို့ ဆိုလိုက်ပါတယ်။

Photo Credit : Paris Saint-Germain

ဗိုလ်လုပွဲအတွက် ပီအက်စ်ဂျီရဲ့ မီဒီယာနေ့မှာ အင်းနရစ်က သူ့ကစားသမားတွေရဲ့ အဆင့်အတန်း ဘယ်လိုပဲဖြစ်ဖြစ် အသင်းလိုက် စိတ်ဓာတ်အကြောင်းကိုလည်း ထပ်ပြီးပြောကြားခဲ့ပါတယ်။ “ကျွန်တော့်အတွက်တော့ ဒီအသင်းမှာ ကြယ်ပွင့်ကစားသမားတွေ အများကြီးရှိတယ်။ အဲ့ဒါကပဲ သူ့ရဲ့အလှတရားပဲ။ အသင်းအတွက် အကောင်းဆုံးပေးဆပ်တဲ့ ကြယ်ပွင့်တွေ ကြယ်ပွင့်တွေအတွက် အသင်းကရှိနေတာမျိုးမဟုတ်ဘူး။”

“ဒါက အကြီးမားဆုံးကွာခြားချက်ပဲ။ ကျွန်တော် အရမ်းကံကောင်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ အဆင့်မြင့်ကစားသမားတွေ အများကြီးရှိတယ်၊ အားလုံးက သူတို့နည်းသူတို့ဟန်နဲ့ ကြယ်ပွင့်တွေချည်းပဲ၊ ဒါပေမဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည်တွေက အသင်းအတွက်ပဲ ဖြစ်တယ်။ ပြီးတော့ ဘောလုံးလို အဖွဲ့လိုက်အားကစားမျိုးမှာ အဲ့ဒါက အရေးကြီးဆုံးပဲ။ ဒါ့အပြင် ကျွန်တော်တို့က ကစားသမားတစ်ယောက်တည်းကို ဘယ်တော့မှ အားမကိုးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း ဒဏ်ရာရတာတွေ ခြေစွမ်းကျဆင်းတာတွေ တစ်ယောက်က ပိုကောင်းနေတာ ပိုဆိုးနေတာမျိုးတွေ ရှိတတ်လို့ပဲ။ အရေးကြီးတာက အသင်းတစ်သင်းလုံး အဆင်သင့်ဖြစ်နေဖို့ပါပဲ” လို့ အသင်းလိုက် စိတ်ဓာတ်ရဲ့ အရေးပါပုံကို အလေးထား ပြောကြားခဲ့ပါတယ်။