ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ် အင်းနရစ်က ဥရောပစူပါဖလားပြိုင်ပွဲမှာ တော့တင်ဟမ် ဟော့စပါးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် သူ့အသင်းဟာ အလွန်ကံကောင်းခဲ့ပြီး ဒီရလဒ်ကလည်း စပါးအသင်းအတွက် မတရားဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားလိုက်ပါတယ်။

နည်းပြသစ် သောမတ်စ် ဖရန့်ခ်ရဲ့ ပထမဆုံး တရားဝင်ပြိုင်ပွဲမှာ စပါးအသင်းဟာ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းကို ပွဲချိန်အများစုမှာ ဖိအားပေး စိုးမိုးကစားနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်သစ် ခရစ္စတီဏယန် ရိုမဲရိုးနဲ့ မစ်ကီ ဗန်ဒီဗန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : The Guardian

ဒါပေမဲ့ ပီအက်စ်ဂျီအသင်းဟာ ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားသမားတွေဖြစ်တဲ့ လီကန်အင်နဲ့ ဂွန်ကာလို ရာမို့စ်တို့ရဲ့ ချေပဂိုးတွေကြောင့် ပွဲကို ပင်နယ်တီအဆုံးအဖြတ်အထိ ဆွဲခေါ်နိုင်ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ စပါးဘက်က ဗန်ဒီဗန်းနဲ့ မာသီးစ် တဲလ်တို့ လွဲချော်ခဲ့တာကြောင့် ချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီက ၄-၃ ဂိုးနဲ့ အနိုင်ရရှိပြီး ဖလားဆွတ်ခူးသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အင်းနရစ်က သူ့အသင်းရဲ့ ခြေစွမ်းအပေါ် ရက်စက်လောက်အောင် ပွင့်လင်းတဲ့ သုံးသပ်ချက်ပေးခဲ့ပြီး စပါးအသင်းသာ ဖလားနဲ့ထိုက်တန်ကြောင်းနဲ့ သူတို့အသင်း အလွန်ကံကောင်းခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Photo Credit : Daily Mail

“ပွဲချိန် မိနစ်(၈၀)လာက်အထိ ကျွန်တော်တို့ ဒီရလဒ်နဲ့ မထိုက်တန်ခဲ့ပါဘူး။ တော့တင်ဟမ်အသင်းသာ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့က (၆)ပတ်လောက် လေ့ကျင့်ပြင်ဆင်ထားပြီး ခြေစွမ်းကောင်းနေတာကို ခံစားမိနိုင်ပါတယ်။ သူတို့ ပွဲကောင်းတစ်ပွဲ ကစားသွားခဲ့ပြီး ကျွန်တော်တို့ကတော့ လေ့ကျင့်ချိန် (၆)ရက်ပဲ ရခဲ့တာပါ။” လို့ သူက ဆိုပါတယ်။

“တစ်ခါတလေ ဘောလုံးက မတရားပါဘူး။ နောက်ဆုံး (၁၀)မိနစ်မှာ (၂)ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့အတွက် ကျွန်တော်တို့ အရမ်းကံကောင်းခဲ့တယ်လို့ ပြောရမှာပါ။ ကျွန်တော့်ကစားသမားတွေက ပရိသတ်တွေလိုပဲ နောက်ဆုံးမိနစ်အထိ ယုံကြည်ချက်ရှိခဲ့ကြတယ်။ ဒါပေမဲ့ ဘောလုံးဆိုတာ ကြိုတင်ခန့်မှန်းလို့မရတဲ့အတွက် ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ တကယ်ကံကောင်းခဲ့တာပါ။” လို့ အင်းနရစ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်း ရာသီကြိုလေ့ကျင့်ချိန် နည်းပါးခဲ့ရခြင်းဟာ လွန်ခဲ့တဲ့ တစ်လခန့်က အမေရိကန်မှာကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသစ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရတာကြောင့်ဖြစ်ပြီး အဆိုပါပြိုင်ပွဲဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။