ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ ပွဲထွက်ခွင့်တွေ ရနေတဲ့ လူငယ်ခံစစ်မှူး ကူဘာဆီကို ခေါ်ယူဖို့ စောင့်ကြည့်နေကြကြောင်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် ယူ-၁၇လက်ရွေးစင် ကူဘာဆီက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အကယ်ဒမီအသင်း ကနေ ဘာစီလိုနာ အသင်းကြီးဆီ ဆင့်ခေါ်ခံထားရသလို ဘာစီလိုနာ အတွက် ကစားခွင့်တွေလည်း ရနေပါတယ်။

Photo Credit: Goal

လာမာစီယာ အကယ်ဒမီထွက် ဖြစ်တာကြောင့် ကူဘာဆီဟာ ဘောလုံးကိုင် ကစားရာမှာ ထူးချွန်ပြီး သူက ညာခြေအားသန် ကစားသမား တဦး ဖြစ်လို့ ဗဟိုနောက်ခံနေရာမှာ သာမကပဲ လိုအပ်ရင် ညာနောက်ခံ နေရာမှာပါ ကစားနိုင်စွမ်း ရှိပါတယ်။

ကူဘာဆီက အသက် ၁၇နှစ်သာ ရှိသေးပေမယ့် အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်လွန်းသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ကူဘာဆီကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး သုံးသင်းစလုံးရဲ့ ကင်းထောက်တွေက ကူဘာဆီရဲ့ ခြေစွမ်းကို သဘောကျနေကြကြောင်း သိရှိရပါတယ်။

ဘာစီလိုနာက သူတို့ရဲ့ လူငယ်ကြယ်ပွင့် ကူဘာဆီကို ရောင်းချဖို့ စိတ်ကူးမရှိသေးပေမယ့် အကယ်၍ ကူဘာဆီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် ကမ်းလှမ်းမှု ရောက်လာခဲ့ရင် ကူဘာဆီကို ရောင်းချနိုင်ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။