၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် အန်ဒိုရာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အင်္ဂလန်အသင်းဟာ ပွဲရဲ့ အခိုက်အတန့်တချို့မှာ အာရုံစူးစိုက်မှုနဲ့ စိတ်စုစည်းမှုတွေ ပျောက်ဆုံးခဲ့တယ်လို့ နည်းပြချုပ် သောမတ်စ် တူဟယ်လ်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ အန်ဒိုရာနောက်ခံလူ ခရစ်ရှန် ဂါစီယာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းဂိုးနဲ့ ဒုတိယပိုင်း (၆၇)မိနစ်မှာ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ရဲ့ ခေါင်းတိုက်ဂိုးတို့ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အင်္ဂလန်ဟာ ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၄)ပွဲကစား (၄)ပွဲနိုင်ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဦးဆောင်နေပါတယ်။

Photo Credit : Hayters

ဒီနိုင်ပွဲဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အင်္ဂလန်အသင်းအတွက် (၆)ပွဲဆက်တိုက် နိုင်ပွဲဖြစ်သလို ခြေစစ်ပွဲ ရှုံးပွဲမရှိစံချိန်ကိုလည်း (၃၅)ပွဲအထိ (၂၇ ပွဲနိုင်၊ ၈ ပွဲသရေ) တင်နိုင်ခဲ့ပါတယ်။ အင်္ဂလန်ဟာ နောက်ဆုံးအနေနဲ့ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလက ယူကရိန်းကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲအတွင်း ဘောလုံးပိုင်ဆိုင်မှု ၈၃% အထိ ရယူထားနိုင်ပြီး ဂိုးပေါက်တည့်မှု (၇)ကြိမ်သာ ပြုလုပ်နိုင်ခဲ့တဲ့ အင်္ဂလန်ရဲ့ ခြေစွမ်းဟာ ပရိသတ်တွေကို စိတ်ကျေနပ်မှု မပေးနိုင်ဘဲ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နည်းပြ တူဟယ်လ်ကလည်း ပွဲအပြီးမှာ “အသင်းရဲ့ အားအင်က မှန်ကန်တယ်။ အရည်အသွေးလည်း ရှိတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး ဂိုးတွေ သွင်းနိုင်ခဲ့သင့်တယ်။ ပထမဂိုးရပြီးနောက် (၁၀)မိနစ် (၁၅)မိနစ်လောက်မှာ ကျွန်တော်တို့ ဘောလုံးဆုံးရှုံးမှုတွေ အရမ်းများခဲ့တယ်။ အာရုံစူးစိုက်မှု ပျောက်သွားခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ပုံစံကောင်းပြန်တွေ့ခဲ့ပေမယ့် ပြောခဲ့သလိုပဲ ဂိုးတွေ သွင်းနိုင်ခဲ့သင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : beIN SPOTRS

လာမယ့် အင်္ဂါနေ့မှာ ဆားဘီးယားနဲ့ ဘဲလ်ဂရိတ်မြို့မှာ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲနဲ့ ပတ်သက်ပြီး “လာမယ့် အင်္ဂါနေ့ညကနေ ကျွန်တော်တို့ သင်ခန်းစာတွေ အများကြီး ရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲပါ။ ခြေစစ်ပွဲအောင်ဖို့ ခြေတစ်လှမ်းကြီး လှမ်းနိုင်မယ့် အခွင့်အရေးဖြစ်လို့ အသင့်ပြင်ဆင်ထားပါတယ်။” လို့ တူဟယ်လ်က ပြောခဲ့ပါတယ်။

ဒီပွဲမှာ အင်္ဂလန်ကွင်းလယ်မှာ ပွဲဦးထွက်ကစားသမား အဲလီယော့ အန်ဒါဆင်နဲ့ တွဲဖက်ကစားခဲ့တဲ့ ဒီကလန်ရိုက်စ်ဟာ သူ့အတွက် ဒီကမ္ဘာ့ဖလားခြေစစ်ပွဲက ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်အတွက် ခြေစစ်ပွဲစဉ်တွေရဲ့ (၈)ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။ “အရေးအကြီးဆုံးက နိုင်ပွဲရဖို့ပါပဲ။ ကျွန်တော်တို့ ကစားခဲ့ရတဲ့ အုပ်စုပွဲ (၄)ပွဲလုံးမှာ အသင်းတိုင်းက ခံစစ် (၅)ယောက်တန်းနဲ့ ကစားခဲ့ကြတော့ တော်တော်ခက်ခဲပါတယ်။ လူတိုင်းက ကျွန်တော်တို့ကို (၅)ဂိုး (၆)ဂိုးလောက် သွင်းနိုင်မယ်လို့ မျှော်လင့်ကြမှာပါ။ ဒါပေမဲ့ တကယ်တမ်း အသင်းတွေက ဂိုးရှေ့မှာပဲ အုံပြီး ကာကစားတဲ့အခါ ထင်သလောက် မလွယ်ပါဘူး” လို့ ရိုက်စ်က ဆိုပါတယ်။