အင်္ဂါနေ့က ဆီနီဂေါအသင်းကို ၃-၁ ဂိုးနဲ့ နော်တင်ဟမ် ဖောရက်စ်ရဲ့ အိမ်ကွင်း City Ground မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်အသင်းရဲ့ ခြေစွမ်းဟာ ရေခဲရိုက်ခံထားရသလို ဖြစ်နေခဲ့ကြောင်း နည်းပြ သောမတ်စ် တူဟယ်လ်က ဝန်ခံပြောကြားလိုက်ပါတယ်။
ဒီရှုံးပွဲဟာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် အာဖရိကအသင်းများနှင့် (၂၂) ကြိမ်မြောက် တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး နည်းပြ တူဟယ်လ်အတွက်လည်း အင်္ဂလန်နည်းပြဘဝ (၄)ပွဲမြောက်မှာ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
Photo Credit : The New York Times
ပွဲအစ(၇)မိနစ်မှာပဲ ဟယ်ရီကိန်းက အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဟယ်ရီကိန်းဟာ နည်းပြ တူဟယ်လ် ကိုင်တွယ်ခဲ့တဲ့ (၄)ပွဲလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ကာ စံချိန်သစ် တင်နိုင်ခဲ့ပေမယ့် ဆီနီဂေါအသင်းဘက်က အစ္စမိုင်လာ ဆား၊ ဟာဘစ် ဒီယာရာ နဲ့ ရှိတ်ခ် ဆာဘာလီတို့က တစ်ယောက်တစ်ဂိုးစီ သွင်းယူခဲ့တာကြောင့် အင်္ဂလန်တို့ စိတ်ပျက်ဖွယ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ အန်ဒိုရာကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲက ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပွဲအပြီး သုံးရက်အကြာမှာပဲ ထပ်မံကြုံတွေ့ခဲ့ရတာပါ။
ပွဲအပြီး ITV Sport နဲ့ တွေ့ဆုံရာမှာ တူဟယ်လ်က “ဟုတ်ပါတယ်။ ဒါကတော့ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တစ်ခုပါ။ ရလဒ်ပိုင်းအရ ဒီထက်ပိုကောင်းတာတွေနဲ့ ကျွန်တော်တို့ မထိုက်တန်ခဲ့ဘူးလားတော့ မပြောတတ်ဘူး။ ကစားပုံက ရေခဲတုံးလို ခဲနေခဲ့တယ်။ ပွဲချိန်တော်တော်များများမှာ လုံလုံလောက်လောက် တက်ကြွမှု မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ အချိန်တော်တော်ကြာတဲ့အထိ ခံစစ်ပိုင်းကို ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ အကောင်းဆုံးအချိန်က ၂-၁ နဲ့ ရှုံးနေချိန်မှ ရောက်လာခဲ့တယ်။ ပေးလိုက်ရတဲ့ ပထမဂိုးနှစ်ဂိုးက အရမ်းလွယ်ကူတဲ့ ဂိုးတွေဖြစ်နေခဲ့တယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် ခံစစ်ကစားဖို့ လိုအပ်ပါတယ်။”
Photo Credit : Sky Sports
“ရှုံးနေပြီးနောက်ပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက ကောင်းခဲ့ပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ကစားပုံက ပိုတက်ကြွလာတယ်၊ ပိုလွတ်လပ်လာတယ်၊ ပိုပြီးချောမွေ့လာတယ်၊ ပိုပြီး တိုက်စစ်ဆင်လာနိုင်ခဲ့တယ်။ ချေပဂိုးရဖို့ အခွင့်အရေးကြီးတွေတောင် ရခဲ့ပါသေးတယ်။” လို့ ဖြေဆိုသွားခဲ့ပါတယ်။
အင်္ဂလန်အသင်း ၂-၁ နဲ့ ရှုံးနိမ့်နေချိန်မှာ ဘယ်လင်ဂမ်က ထောင့်ကန်ဘောကနေတစ်ဆင့် ပိတ်သွင်းပြီး ချေပဂိုးရခဲ့တယ်လို့ ထင်မှတ်ခဲ့ပေမယ့် VAR ရဲ့ အကြံပေးချက်အရ ကွင်းဘေးမော်နီတာကို ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် ဒိုင်လူကြီး စတက်ဖနီ ဖရပ်ပတ်က အဆိုပါဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ ဘယ်လင်ဂမ် ဂိုးမသွင်းမီမှာ နောက်ခံလူ လီဗိုင် ကိုလ်ဝေးလ်ရဲ့ လက်နဲ့ဘောလုံးထိခဲ့တယ် (Handball) လို့ ဒိုင်လူကြီးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တူဟယ်လ်က “ကျွန်တော် အခုလေးတင် ပြန်ကြည့်ပြီးပြီ။ လက်နဲ့ထိတာထက် ပခုံးနဲ့ထိတာနဲ့ ပိုတူတယ်။ ဒိုင်လူကြီးတစ်ယောက်က ဂိုးတစ်ဂိုးကို ပြန်လည်စစ်ဆေးတယ်ဆိုတာ ဒါပထမဆုံးပဲ။ ဒီတော့ တကယ်လို့ အမှားတစ်ခုဖြစ်နေရင် ဂိုးကို ပယ်ဖျက်လိုက်ပေါ့။ အမှားမဟုတ်ဘူးဆိုရင်တော့ ဒါဟာ ဂိုးအဖြစ် သတ်မှတ်ရမှာပဲလေ။” လို့ သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။