အီတလီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမန်ချီနီက သူတို့အသင်းကို အရေးနိမ့်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ လက်ရှိမှာ အခြေအနေဆိုးတစ်ခုကို ရောက်ရှိနေရပေမယ့်လည်း နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာတော့ အခွင့်အရေးကောင်းတွေ ရနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : The Sun
ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ၂၀၂၂-၂၀၂၃ ရာသီ UEFA Nations League ပြိုင်ပွဲအတွင်း အုပ်စုပွဲစဉ်(၅)ပွဲလုံး နိုင်ပွဲ လုံးဝကို မရှိခဲ့ပဲ ရမှတ်(၂)မှတ်တည်းသာ ရရှိခဲ့တာကြောင့် အုပ်စုလက်ကျန် တစ်ပွဲ ကျန်နေသေးချိန်မှာပဲ League (B) ကို တန်းဆင်းသွားခဲ့ရပါတယ်။ အင်္ဂလန်အနေနဲ့ အုပ်စုအတွင်း ဟန်ဂေရီကို နှစ်ကျော့လုံး ရှုံးနိမ့်ခဲ့သလို ယူရို-၂၀၂၀ဖိုင်နယ်မှာ အရှုံးပေးထားဖူးတဲ့ အီတလီကိုလည်း ပြန်လည် ရှုံးကြွေးမဆပ်နိုင်ခဲ့ပဲ ထပ်မံ ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။ အဆိုးဆုံးကတော့ အင်္ဂလန်ဟာ ဒီပြိုင်ပွဲမှာ သွင်းဂိုးတစ်ဂိုးပဲ သွင်းထားနိုင်ခဲ့သလို ဒီတစ်ဂိုးတောင် ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo Credit : The Sun
ဒီလို အခြေအနေမျိုး ရှိနေပေမယ့်လည်း အင်္ဂလန်ကို အနိုင်ယူထားခဲ့တဲ့ အီတလီအသင်းရဲ့ နည်းပြဖြစ်သူ မန်ချီနီက အင်္ဂလန်အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားမှာတော့ အခြေအနေကောင်းတစ်ခုကို ရရှိသွားနိုင်တယ်လို့ အံ့အားသင့်စဖွယ် မှတ်ချက်ပြုလိုက်ပါတယ်။ အင်္ဂလန်နဲ့ ပတ်သတ်ပြီး မန်ချီနီက “အင်္ဂလန်က ကမ္ဘာ့ဖလားမှာ ပါဝင်နေရပြီး အဲ့ဒါကသာ အရေးအကြီးဆုံးပါ။ ကျွန်တော့်အမြင်ကတော့ အင်္ဂလန်က ရှုံးပွဲတွေ့ရင်တောင် ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါပဲ။ သူတို့က ကမ္ဘာ့ဖလား အခွင့်အရေးကောင်းတွေ ရနိုင်တယ်” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ ပြိုင်ပွဲမဆုံးခင်မှာ League (B)ကို တန်းဆင်းလိုက်ရပြီဖြစ်တဲ့ အင်္ဂလန်ဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဂျာမနီနဲ့ ရင်ဆိုင်သွားရဦးမှာဖြစ်ပြီး ဒီပွဲက အင်္ဂလန်အတွက် ၂၀၂၂ကမ္ဘာ့ဖခလားမတိုင်ခင် နောက်ဆုံးသော ပွဲစဉ်ဖြစ်နေတဲ့အတွက် ရလဒ်ကောင်းတစ်ခု ရယူသွားဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။ အင်္ဂလန်ဟာ 2022 World Cup မှာတော့ ဝေးလ်စ် အမေရိကန် အီရန်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေရပြီး နိုဝင်ဘာ(၂၁)ရက်မှာပဲ အာရှ ထိပ်သီးအသင်း အီရန်နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။