ဘရာဇီးလ်အသင်းရဲ့ ဆယ်ကျော်သက်အရွယ် လူငယ် တိုက်စစ်ကစားသမားလေး အန်းဒရစ်ခ်က ကိုပါအမေရိကပြိုင်ပွဲကနေ ထွက်ခွာလာရချိန်မှာ သူတို့အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအတွက်ကိုပဲ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ အမေရိကန်နိုင်ငံမှာ ကျင်းပနေဆဲဖြစ်တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲရင်း ကွာတားဖိုင်နယ်အဆင့်မှာပဲ ဥရုဂွေးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ပြိုင်ပွဲကနေ စောစောစီးစီးပဲ ထွက်ခွာလိုက်ရပြီ ဖြစ်ပါတယ်။

Photo Credit : ABC News

ဘရာဇီးလ်ဟာ တောင်အမေရိကရဲ့ အင်အားကြီး အသင်းတစ်သင်း ​ဖြစ်ပေမယ့်လည်း အသင်းရဲ့ စူပါစတား ကစားသမား နေမာ မပါဝင်နိုင်တာက ဘရာဇီးလ်အတွက် သိသိသာသာ အားနည်းခဲ့ရသလို လက်ရှိ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုဟာလည်း ကလပ်အသင်းတွေမှာလောက် အားရစရာ အနေအထားမှာ ရှိမနေပဲ ဖြစ်နေရပါတယ်။

ပိုဆိုးတာက ကြယ်ပွင့်ကစားသမား ဗင်နီစီယပ်စ်က အဝါကတ်ပြစ်ဒဏ်ကြောင့် ဥရုဂွေးနဲ့ ကွာတားဖိုင်နယ်ပွဲစဥ်ကို လွဲချော်ခဲ့ရတာကလည်း ဘရာဇီးလ် တိုက်စစ်ပိုင်းအတွက် ပိုပြီး အားလျော်စေခဲ့ရပါတယ်။ ဗင်နီစီယပ်စ် မပါဝင်နိုင်ချိန်မှာ ဘရာဇီးလ်နည်းပြကြီးက လူငယ်ကစားသမားလေး အန်းဒရစ်ခ်ကို ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ်အဖြစ် အသုံးပြုလာခဲ့ပါတယ်။

Photo Credit : ESPN

ဒါပေမယ့် အသက် (၁၇)နှစ်အရွယ် တိုက်စစ်ကစားသမားလေး အန်းဒရစ်ခ်က သူရဲ့ လက်ရွေးစင် ကစားသမားဘဝ ပထမဆုံးသော fully debut မှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သလို အသင်းကလည်း ပင်နယ်တီ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။ ဒီပွဲစဥ်အပြီးမှာ အန်းဒရစ်က “ကျွန်တော်တို့တွေက ဘရာဇီးလ်အသင်းကို ထိပ်ဆုံးနေရာမှာပဲ ထားရှိချင်ပါတယ်။”

“အခုတော့ ကျွန်တော်တို့အားလုံး လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအတွက်ကိုပဲ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားပါတော့မယ်။ အခုလို အခိုက်အတန့်မှာ အရမ်းခက်ခဲနေတယ်ဆိုတာ ကျွန်တော်တို့ သိထားရပေမယ့်လည်း ကျွန်တော်တို့တွေအတွက် ဘရာဇီးလ်နိုင်ငံသား အားလုံးရဲ့ အားပေး ကူညီမှုတွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။