ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ့် ဘရာဇီးလ် ကြယ်ပွင့်လေး အန်းဒရစ်က သူဟာ ရီးယဲလ်အသင်းမှာ ကစားသမားဟောင်းကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၇)ကို ဝတ်ဆင်သွားချင်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အန်းဒရစ်ရဲ့ အသင်းဖော်ဖြစ်လာမယ့် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ဗင်နီစီယပ်စ်က ကျောနံပါတ် (၇)ကို ဝတ်ဆင်လျက် ရှိနေတာဖြစ်ပြီး အန်းဒရစ်အတွက် ဝတ်ဆင်နိုင်မယ့် ကျောနံပါတ်တွေထဲမှာတော့ (၉)က လစ်လပ်လျက် ရှိနေပါတယ်။

Photo Credit : El Futbolero US

ကျောနံပါတ် (၇)နဲ့ ပတ်သက်ပြီး အရူးအမူး ဖြစ်နေရတဲ့အကြောင်းကို အန်းဒရစ်က “ကျွန်တော်က နံပါတ်တွေနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီး စိတ်မပူတက်ပေမယ့် ကျွန်တော် အကြိုက်ဆုံး နံပါတ်ကတော့ (၇)ပါပဲ။ ကျွန်တော် FIFA တို့ NBA ဂိမ်းတွေ ကစားပြီးဆိုရင် အမြဲတမ်း အဲ့ဒီ ကျောနံပါတ် (၇)ကိုပဲ ဝတ်ဆင်တက်တယ်။”

“ဘာလို့ ဒီနံပါတ် (၇)က ကျွန်တော့်စိတ်ကို လွှမ်းမိုးနိုင်တာလဲဆိုတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက (၇)ကို ဝတ်ဆင်ခဲ့သလို လူကာ ဒွန်ချစ်(ဆာဘီးယားသား NBA ကစားသမား)ဟာလည်း နံပါတ် (၇၇)ကို ဝတ်ဆင်တာကြောင့်ပါ။ ဒီနံပါတ်တွေကို ထိပ်တန်းနံပါတ်တွေလို့ ကျွန်တော် မြင်မိပြီး အလွန်သဘောကျမိပါတယ်။”

Photo Credit : Sports Brief

“ကျွန်တော် အရမ်းသဘောကျမိတယ်။ ဒါပေမယ့် ကျွန်တော်က ကျောနံပါတ် (၁၁) (၁၀)နဲ့ (၇)တွေဝတ်ပြီး ကစားခဲ့ဖူးပါသေးတယ်။ အခုဆိုရင်လည်း ပါးလ်မီးရပ်စ်မှာ ကျွန်တော် နံပါတ် (၉)ကို ဝတ်ဆင်နေတာပါ။ နံပါတ် (၉)ကလည်း တကယ့်ကို ထိပ်တန်း ကျောနံပါတ်ကြီးတစ်ခုပါ။ ဒါပေမယ့် ဒီနံပါတ်ကို ဝတ်ဆင်ရတိုင်း အမြဲတမ်း တာဝန်ကြီးသလို ခံစားမိရပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေး အန်းဒရစ်က လာမယ့်နွေမှသာ ရီးယဲလ်အသင်းနဲ့ စတင် ပူးပေါင်းခွင့် ရရှိမှာဖြစ်ပြီး သူ ဝတ်ဆင်ချင်နေတဲ့ ကျောနံပါတ် (၇)ထက် တခြား လစ်လပ်နေတဲ့ ကျောနံပါတ်တွေကိုသာ ဝတ်ဆင်သွားရနိုင်ပါတယ်။