မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က မန်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကလပ်အသင်း တစ်သင်း မဟုတ်တော့ကြောင်း ဝက်စ်ဟမ်းနဲ့ ပွဲအပြီးမှာပဲ မှတ်ချက်ပြုသွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ မန်ယူနိုက်တက်အသင်းဟာ ဒီနှစ် ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံအတွင်း (၁၃)ပွဲအထိ ရှုံးပွဲ တွေ့ကြုံထားခဲ့ရပြီးနောက် အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းတွေအပေါ် စိတ်ပျက်လျက် ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Goal

“လက်ရှိအချိန်မှာတော့ ကျွန်တော်တို့က ထိပ်တန်း ကလပ်အသင်းအဆင့်မှာ ရှိမနေတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ အပတ်တွေတုန်းက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးအသင်းတွေနဲ့ ထိပ်တိုက် ရင်ဆိုင် ကစားနိုင်ခဲ့တယ်။”

“ကျွန်တော်တို့က ပွဲတွေအတွင်းမှာ အကောင်းဆုံးသော အခွင့်အရေးတွေ များစွာ ရရှိခဲ့ပေမယ့်လည်း ဒီအခွင့်အရေးတွေကို အသုံးချပြီး ဂိုးတွေ မသွင်းယူနိုင်ခဲ့ဘူး။ မန်ချက်စတာ ယူနိုက်တက်မှာ ဘယ်လို စံနှုန်းတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။”

Photo Credit : talkSPORT

“ကျွန်တော်တို့အနေနဲ့ အသင်းလိုက် နိုင်ပွဲတွေ ရရှိအောင် လုပ်ရမယ်။ အဲ့ဒီနိုင်ပွဲတွေအတွက် ကျွန်တော့်မှာရော ကစားသမားတွေမှာပါ တာဝန်ကိုယ်စီ ရှိနေပါတယ်။ အသင်းမှာ ရှိနေတဲ့ တစ်ဦးတစ်ယောက်ချင်းစီက ရာနှုန်းပြည့် တာဝန်ယူသွားရပါလိမ့်မယ်။ ပြီးတော့ ပွဲတိုင်းလိုလိုမှာလည်း ကစားသမားတွေက မူရင်း ခြေစွမ်းကို တစ်ဆင့်တက်အောင် ကစားရပါလိမ့်မယ်။” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနေ့မှာ ဘောက်ဆင်ဒေးနေ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အက်စတွန် ဗီလာအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အသင်းက လက်ရှိမှာ အခြေအနေ မဟန်ပေမယ့်လည်း ယူနိုက်တက်ရဲ့ ဘောက်ဆင်ဒေးနေ့ ရလဒ် တအားကောင်းမွန်မှုကြောင့် ဒီပွဲမှာပါ ရလဒ်ကောင်းဖို့ မျှော်လင့်ချင်စရာ ဖြစ်နေပါတယ်။