ဂျာမနီ လက်ရွေးစင်အသင်းရဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး အမ်မရီချန်ကတော့ ဒီရက်သတ္တပတ်ဟာ သူ့အတွက်တော့ တကယ်ကို ရူးသွပ်စရာ အခိုက်အတန့်တွေ ဖြစ်ခဲ့ရတယ်လို့ ဂျာမနီနဲ့ စကော့တလန်တို့ရဲ့ ယူရို-၂၀၂၄ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ် အပြီးမှာပဲ ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၀)အရွယ် ရှိပြီဖြစ်တဲ့ ဒေါ့မွန် ကွင်းလယ်ကစားသမား အမ်မရီချန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒေါ့မွန်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ယူရိုပြိုင်ပွဲဝင်မယ့် ဂျာမနီအသင်းရဲ့ အပြီးသတ် ကစားသမားစာရင်းမှာတော့ ပါဝင်လာခြင်း မရှိပဲ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit : DW

 

ဒါပေမယ့် ဂျာမနီအသင်းရဲ့ ယူရို-၂၀၂၄ ကစားသမားစာရင်းမှာ ရွေးချယ်ခံထားရတဲ့ ဘိုင်ယန်မြူးနစ်က လူငယ် ကွင်းလယ်ကစားသမားလေး အလက်ခ်ဆန်းဒါး ပါဘလိုဗစ်က အာသီးယောင်ရမ်းခြင်း ဝေဒနာကို ခံစားနေရတာကြောင့် ဂျာမနီလူစာရင်းကနေ နုတ်ထွက်ခဲ့ရတဲ့အတွက် ဂျာမနီနည်းပြ နာဂယ်စမန်းက ပါဘလိုဗစ်နေရာမှာ အမ်မရီချန်နဲ့ အစားထိုးလိုက်ပါတယ်။

ဒါကြောင့် အမ်မရီချန်က ယူရို-၂၀၂၄ပြိုင်ပွဲကြီးကို ဆင်နွဲခွင့် ရသွားခဲ့ရပြီး ယူရို-၂၀၂၄ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဂျာမနီနဲ့ စကော့တလန်တို့ ပွဲစဉ်မှာလည်း မိနစ်(၈၀)မှာ တိုနီ ကရူးစ်က လူစားဝင် ကစားရင်းနဲ့ ဂျာမနီအသင်းအတွက် (၅)ဂိုးမြောက် ပွဲသိမ်းအနိုင်ဂိုးကိုပါ နောက်ဆုံးမိနစ်မှာ သွင်းယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : iMiaSanMia

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမ်မရီချန်က “တကယ်ကို ရူးသွပ်စရာ ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။ ဒီပွဲမတိုင်ခင် (၂)ရက်လောက်အလိုတုန်းက ကျွန်တော်ဟာ အားလပ်ရက်မှာ အနားယူနေခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာတော့ လက်ရွေးစင်အသင်းကနေ ရွေးချယ်တာကို ရလိုက်တယ်။ အဲ့ဒီနောက် ကျွန်တော် တစ်ရက် လေ့ကျင်လိုက်ရတယ်။ ပွဲနေ့ကျတော့ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တယ်။ အဲ့ဒီအတွက် ကျွန်တော် အရမ်းပျော်နေရသလို နာဂယ်စမန်းနဲ့ သူရဲ့ နည်းပြအဖွဲ့ဝင်တွေကိုလည်း အထူး ကျေးဇူးတင်မိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

နာဂယ်စမန်းဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ၂၀၁၅ခုနှစ်ကနေ စတင်ပြီး ကစားပေးခွင့် ရရှိလာခဲ့သလို ယူရို-၂၀၂၆ပြိုင်ပွဲက အမ်မရီချန်အတွက် ဂျာမနီ ကစားသမားဘဝ ပထမဆုံးသော နိုင်ငံတကာပြိုင်ပွဲကြီးလည်း ဖြစ်ခဲ့ရသလို ယူရို-၂၀၂၀နဲ့ အခု ယူရို-၂၀၂၄ပြိုင်ပွဲတွေမှာလည်း ဆက်တိုက် ကစားပေးခွင့်တွေ ရရှိခဲ့ပါတယ်။