ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ အီမီ မာတီနက်ဇ်က မကြာမီ ကျင်းပတော့မယ့် FIFA The Best Award ဆုပေးပွဲမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ နည်းပြ စကာလိုနီတို့ကို တနှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ တနှစ်တာ အကောင်းဆုံးနည်းပြဆုတွေ ရစေချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားလာပါတယ်။

မက်ဆီ ၊ စကာလိုနီနဲ့ မာတီနက်ဇ်တို့က အာဂျင်တီးနားရဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားအောင်ပွဲမှာ အရေးပါခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြပြီး လီယွန်နယ် မက်ဆီက သူ့ရဲ့ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ၊ ခေါင်းဆောင်နိုင်စွမ်းတွေနဲ့ အသင်းကို ဆွဲတင်ပေးခဲ့သလို မာတီနက်ဇ်ကလည်း အကောင်းဆုံး ပင်နယ်တီ ကာကွယ်မှုတွေ ၊ အရေးပါတဲ့ လက်စွမ်းပြ ပုတ်ထုတ်မှုတို့နဲ့အတူ အာဂျင်တီးနားရဲ့ ချန်ပီယံဘွဲ့ကို တခြားအသင်းတွေ လာမလုနိုင်အောင် အကောင်းဆုံး ကာကွယ်ပေးခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFAကနေ ကျင်းပတဲ့ The Best 2022 ဆုပေးပွဲမှာ လီယွန်နယ် မက်ဆီက တနှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ၊ အာဂျင်တီးနားနည်းပြ စကာလိုနီက တနှစ်တာ အကောင်းဆုံး နည်းပြဆု အတွက် ၊ မာတီနက်ဇ်က တနှစ်တာ အကောင်းဆုံး ဂိုးသမားဆု အတွက် စကာတင် စာရင်းတွေ အသီးသီး ဝင်ခဲ့ကြပါတယ်။

ဒါပေမယ့် မာတီနက်ဇ်ကတော့ The Best 2022 ဆုပေးပွဲဟာ သူ့အတွက် အရေးမပါပဲ အကယ်၍ မက်ဆီနဲ့ စကာလိုနီတို့ကသာ အဆိုပါ ဆုပေးပွဲကို မတက်ရင် သူကလည်း ဆုပေးပွဲကို တက်မှာ မဟုတ်ကြောင်းနဲ့ ဆုပေးပွဲမှာ မက်ဆီနဲ့ စကာလိုနီတို့ ဆုရတာကို မြင်ချင်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

Photo Credit: Sky Sports

မာတီနက်ဇ်က – “တကယ်လို့ မက်ဆီနဲ့ စကာလိုနီတို့ကသာ The Best ဆုပေးပွဲကို မတက်ကြရင် ကျွန်တော်က ဘာကြောင့် အဲ့ဒီဆုပေးပွဲကို တက်ရမှာလဲ။ ဒါကြောင့် ကျွန်တော်က မက်ဆီကို ဆုပေးပွဲ တက် ၊ မတက် အရင်ဆုံး သွားမေးပါမယ်။ တကယ်လို့ မက်ဆီကသာ ဆုပေးပွဲ တက်မယ်လို့ ပြန်ဖြေရင် ကျွန်တော်ကလည်း ဆုပေးပွဲကို တက်ပါမယ်။ ကျွန်တော်က မက်ဆီ တယောက် The Bestဆုကို ရဖို့ မျှော်လင့်ထားပါတယ်။ ပြီးတော့ စကာလိုနီရောပေါ့” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။