အက်စတွန်ဗီလာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ဂိုးသမားဖြစ်သူ အယ်လ်မီလီယာနိုမာတီနက်ဇ်က GOAL.com နဲ့ အင်တာဗျူး အစီအစဉ်အတွင်း သူ ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက် ကစားသမားတွေ အားလုံးထဲမှာ နေမာက အကောင်းဆုံး ပြိုင်ဘက်ပဲလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Neymar Jr Fans Of Nepal

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ချန်ပီယံ ဖြစ်လာအောင် လက်စွမ်းပြ စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့သူ မာတီနက်ဇ်က သူရဲ့ကစားသမားဘဝအတွင်း သူ ရင်ဆိုင်ခဲ့တဲ့ ကစားသမားတွေ အများကြီးအနက် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား နေမာက သူ့အတွက်တော့ အကောင်းဆုံံးသော ပြိုင်ဘက် ကစားသမားလို့ ပြောဆိုသွားခဲ့ပါတယ်။ မာတီနက်ဇ်နဲ့ နေမာတို့က ကိုပါအမေရိကပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ တွေ့ဆုံကြစဉ် နေမာကို သူတို့ဘက်က တားဆီးဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘယ်လိုမှကို မတားဆီးနိုင်ခဲ့ကြောင်း မာတီနက်ဇ်က ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Football365

“နေမာက ကျွန်တော် ယှဉ်ပြိုင်ကစားဖူးသမျှ ကစားသမားတွေ အားလုံးထဲမှာ အကောင်းဆုံးသော ကစားသမားပါပဲ။ ကိုပါအမေရိက ဖိုင်နယ်ပွဲစဉ်တုန်းက ကျွန်တော်တို့တွေ သူ့ကို ဟန့်တားဖို့ ကြိုးစားဖူးခဲ့ပေမယ့် ဟန့်တားနိုင်ခဲ့ခြင်းတော့ မရှိပါဘူး” လို့ မာတီနက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။

မာတီနက်ဇ်အတွက် အကောင်းဆုံး ပြိုင်ဘက်တစ်ဦး ဖြစ်နေတဲ့ နေမာက လက်ရှိမှာတော့ ခြေချင်းဝတ်ဒဏ်ရာ ခံစားနေရတဲ့အပြင် ဒီဒဏ်ရာကို ခွဲစိတ်မှုပါ ခံယူထားရသလို အခု ဘောလုံးရာသီကုန်အထိလည်း အနားယူရတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မာတီနက်ဇ်က သူ့အတွက် အကောင်းဆုံး ပြိုင်ဘက် ကစားသမားကို ပြောဆိုခဲ့ပြီးနောက် အကောင်းဆုံး အသင်းဖော်ကို ရွေးချယ်ခဲ့ရာ လီယွန်နယ်မက်ဆီကိုသာ ရွေးချယ်သွားပြီး မက်ဆီက ပြီးပြည့်စုံတဲ့ ဘောလုံးသမားတစ်ဦးလို့ပါ တင်စား ပြောဆိုခဲ့ပါသေးတယ်။