အက်စတွန် ဗီလာအသင်းရဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတယ်လို့ အာဂျင်တီးနား သတင်းတွေက ဖော်ပြလိုက်ပါတယ်။

အာဂျင်တီးနားအခြေစိုက် Bolavip သတင်းဌာနရဲ့ ဖော်ပြချက်အရ မာတီနက်ဇ်ဟာ ဗီလာကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး မန်ယူနိုက်တက်အသင်းဆီက ကမ်းလှမ်းမှုတစ်ခု ရောက်ရှိလာမလား ဆိုတာကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ဂိုးသမားဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာ ဗီလာပါ့ခ်ကွင်းက ပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်ခဲ့ပုံရပြီး သူ့ရဲ့အနာဂတ် ဘယ်ဆီရောက်မယ်ဆိုတာ မသဲကွဲခဲ့ပါဘူး။

Photo Credit : Caught Offside

အခုချိန်မှာတော့ တူရကီကလပ် ဂါလာတာစာရေးအသင်းကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ မာတီနက်ဇ်ကိုယ်တိုင်ကတော့ အိုးလ်ထရက်ဖို့ဒ်ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေတယ်လို့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဘက်ကတော့ မာတီနက်ဇ်ကို ခေါ်ယူဖို့ တရားဝင် စိတ်ဝင်စားကြောင်း ပြသခြင်း မရှိသေးပါဘူး။ သူတို့အနေနဲ့ လက်ရှိဂိုးသမား အန်ဒရေ အိုနာနာကို ရောင်းချပြီးမှသာ ဂိုးသမားသစ်တစ်ဦး ခေါ်ယူဖို့ လှုပ်ရှားဖွယ် ရှိတယ်လို့ သုံးသပ်ရပါတယ်။

Photo Credit : Motorcycle Sports

မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ဗီလာအတွက် ပြိုင်ပွဲစုံ(၅၃)ပွဲ ပါဝင်ကစားခဲ့ပြီး ပေးဂိုးမရှိ (၁၆)ပွဲအထိ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အူနိုင်း အမ်မရီရဲ့ အသင်းဟာ ရာသီပိတ်ပွဲနေ့မှာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ရပြီးနောက် အဆင့်ရပ်တည်ချက်က (၆)ထိ ဖြစ်သွားခဲ့ရတာကြောသ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

လက်ရှိအခြေအနေအရ မာတီနက်ဇ်ဟာ အိုးလ်ထရက်ဖို့ဒ်ဆီကိုသာ ပြောင်းရွှေ့လိုတဲ့ ဆန္ဒရှိနေတာကြောင့် ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ အထူးသဖြင့် ဂိုးသမား အိုနာနာရဲ့ အနာဂတ်ကို အနီးကပ် စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။