စပိန်လူမျိုး ဘောလုံးနည်းပြ အူနိုင်း အမ်မရီဟာ တကယ်တော့ ကလပ်အသင်း အစုံအလင်မှာ နည်းပြဘဝကို ကျင်လည်ခဲ့ရသူပါ။ ဘောလုံးသမားဘဝတုန်းက ဒူးဒဏ်ရာဆိုး ရရှိခဲ့ရင်းကနေ ကစားသမားအဖြစ် အဆုံးသတ်ပြီး နည်းပြဘဝထဲ ပြောင်းလဲဝင်လာခဲ့တဲ့ အမ်မရီဟာ အခုတော့ ထိပ်တန်း နည်းပြတစ်ဦးအဖြစ်ပါ ရပ်တည်လျက် ရှိနေပါတယ်။

ဗလင်စီယာ ဆီဗီလာ နဲ့ ဗီလာရီးယဲလ်တို့လို စပိန် လာလီဂါ ကလပ်အသင်းတွေမှာ ဖြတ်သန်းခဲ့တဲ့ နည်းပြ အမ်မရီက ထူးထူးခြားခြားအနေနဲ့ ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို (၃)ရာသီဆက်တိုက် ရယူနိုင်ခဲ့ပြီး ဗီလာရီးယဲလ်နဲ့ပါ ယူရိုပါလိဂ်ကို ထပ်ယူထားခဲ့တဲ့ မစ္စတာ ယူရိုပါလိဂ် နည်းပြတစ်ဦးလို့ သတ်မှတ်နိုင်ပါတယ်။

Photo Credit : UEFA Europa League X

အမ်မရီက နည်းပြဘဝအတွင်း ပီအက်စ်ဂျီ အာဆင်နယ်တို့လို ထိပ်တန်း ကလပ်အသင်းတွေနဲ့ လက်တွဲခဲ့ဖူးပြီး ဒီနှစ်သင်းလုံးမှာတော့ အချိန်ကာလ ကြာရှည်စွာ မနေခဲ့ရပဲ လက်တွဲဖြုတ်ခဲ့ရပါတယ်။ အထူးသဖြင့် အာဆင်နယ်မှာ (၇)ပွဲဆက် နိုင်ပွဲပျောက်နေမှုကနေ ထုတ်ပယ်ခံလိုက်ရပြီး (၃)နှစ်နီးပါးခန့် အကြာမှသာ ဗီလာနဲ့အတူ ပရီးမီးယားလိဂ်ဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ဗီလာရီးယဲလ်မှာ ပုံစံကောင်း ပြသနေရင်းနဲ့ ရုတ်တရက် ဗီလာနည်းပြ ရာထူးကို လက်ခံခဲ့တဲ့ အမ်မရီက အင်္ဂလန်မြေဆီ ပြန်ရောက်လာချိန်မှာပဲ သူရဲ့ unfinished business တွေ ရှိနေသေးတာအတွက် အကောင်းဆုံး စွမ်းဆောင်ပြဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Bleacher Report

သူရဲ့ ဗီလာနည်းပြဘဝ ပထမဆုံး ဘောလုံးရာသီမှာ အသင်းကို ဥရောပပြိုင်ပွဲတွေဆီ ပြန်လည် ပို့ဆောင်ပေးထားနိုင်ခဲ့ပြီး ကွန်းဖရန့်စ်လိဂ်ဝင်ခွင့် ရရှိအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် အမ်မရီဟာ ပြီးခဲ့တဲ့ရာသီ ဗီလာပါ့ခ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ပြီးကတည်းက နောက်ထပ် ကစားခဲ့သမျှ ပရီးမီးယားလိဂ် အိမ်ကွင်း (၁၅)ပွဲဆက်တိုက်ထိ တောက်လျှောက် နိုင်ပွဲဆက်အောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပြန်ပြီး ဒါဟာ ဗီလာအသင်း သမိုင်းတစ်လျှောက် ပထမဆုံးသော စံချိန်သစ်တစ်ခု ဖြစ်ခဲ့ရပါတယ်။