အက်စတွန် ဗီလာအသင်းဟာ ဆောင်းဈေးကွက်အတွင်းမှာ ကစားသမား အပြောင်းအရွှေ့တွေကို ခပ်ကြမ်းကြမ်း လုပ်ဆောင်ခဲ့ပြီး အသင်းကနေ ဂျွန်ဒူရန်လို တိုက်စစ်မှူးကို အယ်လ်နာဆာအသင်းဆီ ရောင်းချခဲ့သလို မားကပ်စ် ရပ်ရှ်ဖို့ဒ်လို ကစားသမားကိုလည်း မန်ချက်စတာ ယူနိုက်တက်ကနေ ပြန်လည် ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက်(၂၇)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်နဲ့ အဆင်မပြေတာကြောင့် ပွဲစဉ်များစွာ တောက်လျှောက် ချန်လှပ်ခံခဲ့ရပြီး ဆောင်းဈေးကွက်ရဲ့ နောက်ဆုံးရက်လောက်မှာပဲ ဗီလာအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်အပြင် ပေါင်သန်း(၄၀)တန် အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။
Photo Credit : Eurosport
အေစီမီလန် ဘာစီလိုနာ ဒေါ့မွန်တို့လို အသင်းတွေနဲ့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဗီလာအသင်းဆီသာ ရောက်လာခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ အယ်လ်နာဆာဆီ ရောက်သွားတဲ့ ဒူရန်နေရာအတွက် အစားထိုးခံရတာ ဖြစ်ပေမယ့် ဗီလာတိုက်စစ်မှာက ဝက်ကင်းစ် ရော်ဂျာစ် ဘေလီ ရမ်ဆေးတို့အပြင် ဆောင်းဈေးကွက်ကမှ ရောက်လာကြတဲ့ အဆန်စီယို မာလန်းတို့လည်း ရှိနေတာကြောင့် ရပ်ရှ်ဖို့ဒ်အနေနဲ့ ပုံမှန်နေရာရဖို့ မလွယ်ကူပါဘူး။
ဒါ့အပြင် ယူနိုက်တက်မှာ ပွဲကစားခွင့်တွေ နည်းပါးနေရသလို ကွင်းတွင်းကွင်းအပြင် အပြုအမှုတွေကလည်း မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဗီလာနည်းပြ အူနိုင်း အမ်မရီက “သူနဲ့အတူ ကျွန်တော်ရဲ့ စိန်ခေါ်မှုက ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ ကျွန်တော်တို့နဲ့အတူ သူရဲ့ စိန်ခေါ်မှုကလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။”
Photo Credit : Sky Sports
“သူ မန်ချက်စတာကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းကို ကျွန်တော် မသိချင်ပါဘူး။ ဒါပေမယ့် သူ့ကို ဒီမှာ ထားရှိရတာနဲ့ သူရဲ့ ပါဝင်ဆောင်ရွှက်မှုတွေကို တစ်ဦးချင်းအနေနဲ့ပဲဖြစ်ဖြစ် အသင်းလိုက်အနေနဲ့ပဲဖြစ်ဖြစ် ပြန်လည် မြှင့်တင်ပေးဖို့ ကြိုးစားရတာကို ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ သူနဲ့ ကျွန်တော် ပြောဆိုခဲ့တဲ့ စကားက ကစားသမားနဲ့နည်းပြတို့ကြား ပုံမှန်စကားပြောဆိုမှုပါပဲ။”
“ဘောလုံးအကြောင်းတွေကိုပဲ ပြောဆိုခဲ့ကြတာပါ။ ကျွန်တော်ကတော့ သူ့ဆီကနေ အကောင်းဆုံး ဘောလုံးစွမ်းရည်ကိုပဲ လိုချင်ပါတယ်။ သူ့မှာ အသုံးချဖို့ ကြီးမားတဲ့ အစွမ်းအစတွေ ရှိနေတယ်လို့ ကျွန်တော် ထင်မိပါယတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ ဗီလာဟာ မနက်ဖြန်မှာ စပါးအသင်းနဲ့ FA Cup ပွဲစဉ်ကို ကစားသွားရဖို့ ရှိနေပြီး ဒီပွဲမှာ ရပ်ရှ်ဖို့ဒ် ပါဝင်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။