အက်စတွန် ဗီလာအသင်းနည်းပြ အူနိုင်း အမ်မရီဟာ ခရစ္စတယ် ပဲလေ့စ်အသင်းကို ရှုံးနိမ့်ကာ FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် အသင်းပရိသတ်များကို တောင်းပန်စကားဆိုခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသာ သူရဲ့ အဓိက ဦးစားပေးဖြစ်ကြောင်း ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

ဒီရှုံးပွဲဟာ အမ်မရီရဲ့ ဗီလာအသင်းအတွက်တော့ မကြာသေးမီ ရက်ပိုင်းအတွင်း ခံစားခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ပိုဆိုးစေခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဘက်ကောင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးကို ခက်ခဲစွာ ကစားပြီးမှ ရှုံးနိမ့်ခဲ့ပြီးနောက် အခု ပဲလေ့စ်ကို (၃)ဂိုးပြတ်ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ ထပ်မံ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဗီလာအသင်းဟာ ဒီရာသီမှာ အရှိန်လျော့ကျလာနိုင်တဲ့ အခြေအနေရှိနေပြီး ချန်ပီယံလိဂ် ကစားခွင့်ရရှိရေးအတွက် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး(၅)သင်းနေရာကို ရယူနိုင်ဖို့ ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။အမ်မရီက “ကျွန်တော်တို့ရဲ့ ဦးစားပေးက ပရီးမီးယားလိဂ်ပါ။ ပရီးမီးယားလိဂ်က အရေးအကြီးဆုံးပါပဲ။”

“ကျွန်တော် နေ့တိုင်း ပြောခဲ့ပါတယ်။ FA ဖလားမှာ တစ်ခုခုရဖို့ ကြိုးစားခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ တည်ငြိမ်တဲ့ခြေစွမ်းကို ဆက်ထိန်းထားဖို့က အရေးအကြီးဆုံးပါပဲ။ နောက်တစ်ပတ် ဖူလ်ဟမ်နဲ့ပွဲက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။ ပရိသတ်တွေကိုတော့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်ပျက်မှုကို ထိန်းချုပ်ရပါမယ်။”

Photo Credit : Inside Futbol

“ကျွန်တော်တို့ ရင့်ကျက်လာဖို့အတွက် အတွေ့အကြုံတွေကို သင်ခန်းစာယူရပါမယ်။ မနှစ်က ကွန်းဖရန့်စ်လိဂ် ဆီမီးဖိုင်နယ်မှာ ရှုံးခဲ့သလို ဒီနေ့ ပဲလေ့စ်နဲ့ ဆီမီးဖိုင်နယ်မှာလည်း ရှုံးခဲ့ပါတယ်။ ကျွန်တော်တို့ တိုးတက်မှုတွေ အများကြီးရှိနေပါတယ်။ ဒါက ပေးချင်တဲ့ သတင်းစကားပါပဲ။ တဖြည်းဖြည်းနဲ့ တိုးတက်လာနေတာမျိုး ဖြစ်နိုင်ပါတယ်။”

“အခုအချိန်က စိတ်ပျက်မှုကို ထိန်းချုပ်ရမယ့်အချိန်ပါ။ ကျွန်တော် စိတ်ပျက်မိပေမယ့် ကျွန်တော်တို့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက် ကြီးကြီးထားဖို့ ကြိုးစားနေပါတယ်။ ဆုဖလားတွေ ရယူနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အမ်မရီရဲ့ ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ကနေ အဆင့်(၅)အတွင်း ဝင်နိုင်ဖို့အတွက်ကိုသာ အပြည့်အဝ အာရုံစိုက်သွားရတော့မှာပဲ ဖြစ်ပါတယ်။