အက်စတွန် ဗီလာအသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ပီအက်စ်ဂျီအသင်းကို ဗီလာပါ့ခ်ကွင်းမှာ အနိုင်ယူ ကျော်ဖြတ်နိုင်ဖို့အတွက် အိမ်ကွင်း အားသာချက်ကို အသုံးချဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဗီလာဟာ ပထမအကျော့မှာ ပဲရစ်မြေမှာ ကစားခဲ့စဉ်တုန်းက ဦးဆောင်ဂိုး စသွင်းယူပြီးမှ (၃)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲမှာ မော်ဂန် ရော်ဂျာစ်က (၃၅)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မမျှော်လင့်ဘဲ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် အိမ်ရှင် ပီအက်စ်ဂျီက ဒီဇိုင်းယာ ဒိုအေ၊ ခွါချာ ခွာရတ်စ်ကလီယာနဲ့ နူနို မန်ဒက်စ်တို့ရဲ့ ဂိုးတွေနဲ့ ပြန်လည် အနိုင်ရခဲ့ပါတယ်။

Photo Credit : Aston Villa

ပြီးခဲ့တဲ့ ပထမအကျော့ရှုံးပွဲက ဗီလာအတွက် ဥရောပပြိုင်ပွဲတွေရဲ့ နှစ်ကျော့ပေါင်းအဆင့်မှာ (၂)ဂိုးနဲ့အထက် ရှုံးနိမ့်ခဲ့တာ (၃)ကြိမ်မြောက်ပဲ ဖြစ်ပါတယ်။ အရင် (၂)ကြိမ်မှာတော့ ဗီလာက နောက်တစ်ဆင့်တွေဆီ ဆက်မတက်နိုင်ခဲ့ပါဘူး။ (၁၉၇၅-၇၆ ယူအီးအက်ဖ်အေဖလားမှာ ရွိုင်ယယ် အန့်ဝှပ်ကို နှစ်ကျော့ပေါင်းရလဒ် ၁-၅ နဲ့၊ ပြီးခဲ့တဲ့ ရာသီ ကွန်ဖရင့်စ်လိဂ်မှာ အိုလံပီယာကို့စ်ကို နှစ်ကျော့ပေါင်းရလဒ် ၂-၆ နဲ့ ရှုံးထွက်ခဲ့ရပါတယ်)။

ဒါပေမယ့် အမ်မရီက အင်္ဂါနေ့ပွဲမတိုင်ခင် ပထမအကျော့ ရလဒ်အပေါ် စိတ်ဓာတ်မကျနေသလို သူရဲ့ ကလပ်အစင်းဟောင်း အရည်အသွေးကို အသိအမှတ်ပြုခဲ့ပေမယ့် ဗီလာပါ့ခ်မှာကွင်း အသင်းပရိသတ်တွေက အဓိက အခန်းကဏ္ဍမှ ပါဝင်မယ်လို့ ယုံကြည်နေပါတယ်။ အမ်မရီက “ပီအက်စ်ဂျီမှာ အဝေးကွင်းပွဲတွေ ကစားတဲ့ အတွေ့အကြုံအများကြီး ရှိပါတယ်။”

Photo Credit : BBC

“သူတို့ဟာ ပြင်သစ်မှာရော ဥရောပမှာပါ ကစားနေတာပါ။ ကျွန်တော်တို့မှာလည်း အတွေ့အကြုံရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပရိသတ်တွေနဲ့ ချိတ်ဆက်ပြီး စွမ်းအင်တွေ ဖြည့်ဆည်းမှာပါ။ ကွင်းထဲမှာ ကျွန်တော်တို့ နည်းဗျူဟာအရနဲ့ တစ်ဦးချင်း အရည်အသွေးနဲ့ ကောင်းကောင်း လုပ်ဆောင်နိုင်မယ်ဆိုရင် ပရိသတ်တွေက ကျွန်တော်တို့ရဲ့ စွမ်းအင်ကို မြှင့်တင်ပေးပြီး အများကြီး အားဖြည့်ပေးမှာပါ။ သူတို့က ကစားသမားတွေအတွက် စွမ်းအင်တွေ အမြဲပို့ပေးမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဗီလာဟာ ပြီးခဲ့တဲ့ စနေနေ့က ဆောက်သမ်တန်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရပ်တည်မှု ပိုမို ခိုင်မာလာခဲ့ပါတယ်။ အမ်မရီက သူ့အသင်းက ပီအက်စ်ဂျီကို စမ်းသပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ဒုတိယအကျော့မှာ ကောင်းတဲ့ ရလဒ်ရဖို့ပါ။ ဟုတ်ပါတယ်။ သူတို့က (3-1) နဲ့ အနိုင်ရခဲ့တာက တစ်ခုခုကို ပြောင်းလဲစေပါတယ်။ ဒါပေမယ့် အများကြီးလား မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနိုင်ရဖို့ လိုပါတယ်။ (2-1) ဖြစ်နေရင်လည်း အနိုင်ရဖို့ လိုသလို အခု (3-1) ဖြစ်နေတော့ တစ်ဂိုးပိုသွင်းပြီး အနိုင်ရဖို့ လိုပါတယ်။ ပဲရစ်မှာ ကျွန်တော်တို့ လိုချင်တဲ့ပုံစံနဲ့ ကစားခဲ့ပေမယ့် ရလဒ်က ကျွန်တော်တို့ မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ တကယ်လို့ ကျွန်တော်တို့ အနိုင်ရမယ်ဆိုရင် နီးနီးလေး ရောက်နိုင်ပါတယ်။” အမ်မရီက ဆိုလိုက်ပါတယ်။