လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟာဗေး အယ်လီယော့ဟာ အက်စတွန် ဗီလာအသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စကားတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ ကစားသမားဘဝ တိုးတက်ဖို့အတွက် ပွဲကစားခွင့်ပိုမိုရရှိနိုင်မယ့် အသင်းသစ်ကို ဘာကြောင့် ရွေးချယ်ခဲ့ရတယ်ဆိုတာကိုပါ ရှင်းပြသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အယ်လီယော့ဟာ အူနိုင်း အမ်မရီရဲ့ အက်စတွန် ဗီလာအသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဆိုပါစာချုပ်မှာ လာမယ့်နွေရာသီမှာ ပေါင် (၃၅)သန်းနဲ့ အပြီးသတ်ဝယ်ယူရမယ့်အချက်လည်း ပါဝင်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီသဘောတူညီချက်ထဲမှာ ကစားသမားကို “ပြန်လည်ဝယ်ယူခွင့် (buy-back clause)” နဲ့ “နောက်တစ်ဆင့်ပြန်ရောင်းချရာမှာ အကျိုးခံစားခွင့် (sell-on clause)” တို့ကို မဖြစ်မနေ ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ပါတယ်။

Photo Credit : Aston Villa

အက်စတွန် ဗီလာအသင်းဟာ အယ်လီယော့ကို ခေါ်ယူနိုင်ဖို့ လိုက်ပ်ဇစ် ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့လို အသင်းတွေနဲ့ အပြိုင်ကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။ အယ်လီယော့ဟာ ပွဲကစားခွင့်ပိုမိုရရှိဖို့အတွက် အသင်းပြောင်းတာက သူ့အတွက် ပိုကောင်းနိုင်တယ်လို့ လက်ခံခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်ဟာ မရေမရာဖြစ်ခဲ့တာပါ။ ဖူလ်ဟမ်လူငယ်အကယ်ဒမီထွက် ကစားသမားဟာ လီဗာပူးလ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက်ပိုင်းမှာမှ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

“၂၀၁၉ မှာ လီဗာပူးလ်ကို ကျွန်တော်ရောက်လာခဲ့တာဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တာပါ။ ကလေးဘဝကတည်းက ကျွန်တော်ဟာ ဒီအသင်းကို ပရိသတ်တစ်ယောက်အနေနဲ့ ကမ္ဘာပတ်ပြီး အားပေးခဲ့တာဖြစ်လို့ ဒီနာမည်ကျော်ကြားတဲ့ အနီရောင်ဂျာစီကို ကစားသမားတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် ဝတ်ဆင်ခွင့်ရခဲ့တုန်းက ခံစားချက်ကို ဘယ်စကားလုံးနဲ့မှ ဖော်ပြလို့ရမှာ မဟုတ်ပါဘူး။”

Photo Credit : Sky Sports

“လွန်ခဲ့တဲ့ (၆)နှစ်တာကာလအတွင်းမှာ ကျွန်တော်ဟာ အတွေ့အကြုံတွေ အများကြီးရခဲ့ပြီး (၁၆)နှစ်အရွယ် လူငယ်လေးတစ်ယောက်ကနေ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ ကျွန်တော်ငယ်ဘဝက အားပေးခဲ့တဲ့အသင်းအတွက် ပွဲ (၁၅၀)အထိ ကစားခွင့်ရမယ်၊ အဓိကဆုဖလားကြီး (၇)ခုအထိ ရယူနိုင်မယ်၊ ပြီးတော့ မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ အထူးခြားဆုံးအဖွဲ့သားတွေထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။”

“ကျွန်တော်ရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက ကြိုဆိုခဲ့ပြီး အမြဲတမ်းဂရုစိုက်ပေးခဲ့ကြတဲ့ ကလပ်က လူတိုင်းကို ကျေးဇူးတင်ပါတယ်။ လီဗာပူးလ်ကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တဲ့ ဘုတ်အဖွဲ့နဲ့ နည်းပြကြီး ယော်ဂန် ကလော့ပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ အာနီ စလော့၊ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ ကျွန်တော့်ရဲ့ အသင်းဖော်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးနဲ့အတူတူ ကစားခွင့်ရခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာအခွင့်အရေးဖြစ်ပြီး တစ်သက်တာ သူငယ်ချင်းကောင်းတွေ အများကြီးရခဲ့တဲ့အတွက်လည်း ကံကောင်းတယ်လို့ ခံစားရပါတယ်။”

Photo Credit : The Liverpool Offside

“အံ့အားသင့်စရာကောင်းတဲ့ လီဗာပူးလ်ပရိသတ်များ။ ကျွန်တော့်ကိုခင်ဗျားတို့ရဲ့ မိသားစုဝင်တစ်ယောက်လို လက်ခံပေးခဲ့တဲ့အတွက်ရော အချိန်ကောင်းအချိန်ဆိုးတိုင်းမှာ အမြဲတမ်းအားပေးခဲ့တဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကြားက ဒီသံယောဇဉ်ကို ကျွန်တော်အမြဲတန်ဖိုးထားနေမှာပါ။ လီဗာပူးလ်က ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ အခုတော့ စိန်ခေါ်မှုအသစ်တစ်ခုအတွက် အချိန်ကျပါပြီ။ ကျွန်တော်ဟာ ရည်မှန်းချက်အရမ်းကြီးတဲ့သူဖြစ်ပြီး ဒီအသက်အရွယ်၊ ဒီကစားသမားဘဝအဆင့်မှာ ပွဲကစားခွင့်ရပြီး တတ်နိုင်သလောက် တိုးတက်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုမှာ ရှိနေဖို့က အရေးကြီးတယ်လို့ ခံစားမိပါတယ်။ အားလုံးကို အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ မကြာခင် ပြန်တွေ့ကြမယ်! YNWA” လို့ အယ်လီယော့က နှုတ်ဆက်စာမှာ ရေးသားသွားခဲ့ပါတယ်။