ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ် ဖောရက်စ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား အီလန်ဂါက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီးနောက် သူ့မှာ အရည်အချင်း ရှိကြောင်းကို အသင်းဟောင်း ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေ သိအောင် သက်သေပြနိုင်ခဲ့ပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆွီဒင်လက်ရွေးစင် တောင်ပံကစားသမား အီလန်ဂါက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ နော်တင်ဟမ် ဖောရက်စ်ဆီ ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းနဲ့ ပြောင်းရွှေ့လာသူပါ။

Photo Credit: Bein Sports

အီလန်ဂါက နော်တင်ဟမ် ဖောရက်စ်ဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူက ယခုနှစ်ရာသီမှာ နော်တင်ဟမ် ဖောရက်စ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲ၂၀ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာလည်း အီလန်ဂါက နော်တင်ဟမ် ဖောရက်စ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး သူက ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့သလို အနိုင်ဂိုး ဖြစ်တဲ့ ဂစ်ဘ်ဝှိုက်ရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ အီလန်ဂါက ပြီးခဲ့တဲ့ရာသီမှာ သူ့ကို မယုံကြည်ခဲ့တဲ့ လူတွေကို (ယူနိုက်တက် နည်းပြချုပ် တန်ဟက်ဂ်အား ရည်ရွယ်လျက်) သူ့မှာ အရည်အသွေး ရှိကြောင်းအား သက်သေပြနိုင်ခဲ့ပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

အီလန်ဂါက – “ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက် မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပွဲတိုင်းနီးပါးမှာ ၅မိနစ် ၊ ၁၀မိနစ်လောက်ပဲ ကစားခွင့် ရခဲ့ပါတယ်။ ပြီးရင်လည်း ၁၀ပွဲလောက် ဆက်တိုက် ကစားခွင့် မရပြန်ပါဘူး။ ဒီပွဲက ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးဆန်တဲ့ ပွဲမျိုးပါ။ ကျွန်တော်က ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်း ရှိကြောင်းကို ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့ပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။