လီဗာပူးလ်တိုက်စစ်မှူး ဟူဂို အီကီတီကေးက ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် ဒီနေ့ည ဂါလာတာစာရေးအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် တိုက်စစ်မှူးသစ် အလက်ဇန်းဒါး အီဆက်နဲ့ တွဲဖက်ကစားနိုင်ကြောင်းနဲ့ သူ့ရဲ့ မပါးနပ်တဲ့ အနီကတ်အတွက် သင်ခန်းစာရရှိခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
ပေါင် (၁၂၅)သန်းတန် တိုက်စစ်မှူးသစ် အီဆက်ရဲ့ ရောက်ရှိလာမှုနဲ့ ပတ်သက်ပြီး အီကီတီကေးက ပြိုင်ဆိုင်မှုအတွက် စိုးရိမ်ခြင်းမရှိဘဲ ဒါဟာ အသင်းအတွက် အပေါင်းလက္ခဏာတစ်ခုဖြစ်ကြောင်း ဆိုပါတယ်။ “ကျွန်တော်တို့က ကလပ်အသင်းကြီးတစ်ခုမှာ ကစားနေတာပါ။ တိုက်စစ်မှူးတစ်ယောက်တည်းနဲ့ ကစားနေတဲ့ အသင်းကြီးတစ်သင်းကို ကျွန်တော်မမြင်ဖူးဘူး။ သူ ဒီမှာရှိနေတာက ကျွန်တော့်အတွက်တောင် ကောင်းပါတယ်။ ကျွန်တော့်မှာ တိုးတက်ဖို့နဲ့ သင်ယူဖို့ အများကြီး ကျန်ပါသေးတယ်။”
Photo Credit : This is Anfield
“ကျွန်တော်က တိုက်စစ်မှူးနှစ်ယောက်တန်းရော တစ်ယောက်တည်းရော ကစားဖူးပါတယ်။ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် အတူတွဲကစားရမယ်ဆိုရင်လည်း ကစားနိုင်ပါတယ်” လို့ အီကီတီကေးက ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က ဆောက်သမ်တန်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းပြီး အင်္ကျီချွတ်အောင်ပွဲခံခဲ့တာကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ အီကီတီကေးဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။
“ဒါက မပါးနပ်တဲ့ လုပ်ရပ်ပါ။ စနေနေ့က အိမ်ကနေ အသင်းသားတွေကို ထိုင်ကြည့်နေရတော့ နည်းနည်း စိတ်ပျက်မိတယ်။ ကျွန်တော် အားလုံးကို တောင်းပန်ပြီးပါပြီ။ ဒီလိုအဖြစ်အပျက်မျိုး နောက်ထပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။” လို့ သူက ဝန်ခံခဲ့ပါတယ်။ ပေါင် (၇၉)သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် (၈)ပွဲမှာ (၅)ဂိုးသွင်း (၁)ဂိုး ဖန်တီးပေးထားတဲ့ အီကီတီကေးဟာ ပီအက်စ်ဂျီမှာ ကစားစဉ်က ချန်ပီယံလိဂ်မှာ အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရပြီး အခုတော့ လီဗာပူးလ်နဲ့အတူ ဒီပြိုင်ပွဲမှာ သူ့ကိုယ်သူ သက်သေပြချင်နေပါတယ်။
Photo Credit : Goal
“ပီအက်စ်ဂျီမှာတုန်းက ကျွန်တော်က လူငယ်တစ်ယောက်ဖြစ်ပြီး အရန်ခုံမှာ ကြည့်နေရတာများတယ်။ အဲ့ဒီတုန်းက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေနဲ့ တွဲကစားခဲ့ရပြီး သူတို့ဆီက သင်ခန်းစာတွေ ရခဲ့ပါတယ်။ အခုတော့ ဒါက ကျွန်တော့်အချိန်လို့ ပြောလို့ရပါတယ်။ ဒီအသင်းကို ချန်ပီယံလိဂ်မှာ အောင်မြင်မှုရအောင် ကူညီဖို့ ရောက်လာခဲ့တာပါ။ အဲ့ဒီအချိန်က သင်ယူခဲ့တာတွေကို ပြသပြီး အသင်းအတွက် ခြားနားမှုတွေ ပြုလုပ်နိုင်စွမ်းရှိကြောင်း သက်သေပြချင်ပါတယ်” လို့ သူက ဆိုပါတယ်။
ဒီနေ့ည တူရကီမြေက ခက်ခဲတဲ့ပွဲစဉ်အတွက်လည်း သူက “ဂါလာတာစာရေးကွင်းမှာ ကစားရတာ ခက်ခဲမှာပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ ပိုကောင်းလာမှာပါ။ ကျွန်တော် ယုံကြည်မှုရှိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။