ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ပူးတွဲပိုင်ရှင် တဦး ဖြစ်သူ အက်ဂ်ဘာလီက လတ်တလောမှာ နည်းပြချုပ် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ မစဉ်းစားသေးပေမယ့် လာမယ့်ပွဲတွေမှာသာ ရလဒ်တွေ ထပ်မံ ဆိုးရွားနေမယ် ဆိုရင် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ လေဗာကူဆင်နည်းပြချုပ် ဇာဘီ အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အက်ဂ်ဘာလီနဲ့ တော့ပ် ဘိုလေတို့ ပူးတွဲ ပိုင်ဆိုင်တဲ့ ချယ်လ်ဆီးက စပါးနဲ့ ပီအက်စ်ဂျီတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုကို ယခုနှစ် ဘောလုံးရာသီ အစကမှ နည်းပြချုပ် အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့တာ ဖြစ်ပြီး ပိုချက်တီနိုဟာ ချယ်လ်ဆီးနဲ့ ၂၀၂၅ခုနှစ် ဇွန်လ အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Team Talk

ချယ်လ်ဆီးက ပိုချက်တီနိုကို ခေါ်ယူ ခန့်အပ်ပြီးနောက် ပြောင်းရွှေ့ကြေး ပေါင် ၃၅၀သန်းကျော် အကုန်အကျ ခံကာ ပိုချက်တီနို အတွက် ကစားသမားသစ်တွေ ခေါ်ယူပေးခဲ့ပေမယ့် ပိုချက်တီနိုက အခုချိန်အထိ ရှိရင်းစွဲ ကစားသမားတွေနဲ့ ကစားသမားသစ်တွေကို ရောစပ်ကာ အသင်းနဲ့ လိုက်ဖက်မယ့် ကစားကွက် တခုကို မချမှတ်နိုင်သေးပါဘူး။

ပိုချက်တီနိုက အသင်းအတွက် တိကျရေရာတဲ့ ကစားကွက် တခုကို မဖော်ဆောင်နိုင်သေးသလို ချယ်လ်ဆီးရဲ့ ရလဒ်ပိုင်းတွေကလည်း ဆိုးရွားနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၂ပွဲဆက် ပေးဂိုး ၄ဂိုးစီ ပေးရကာ ဂိုးပြတ်ရှုံးပွဲတွေ ကြုံခဲ့ရသလို အဆင့်(၁၁) နေရာဆီ ဆင်းပေးထားရပါတယ်။

Photo Credit: Telegraph

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ ပရိသတ်တွေက ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ပေးဖို့ စတင် တောင်းဆိုနေကြပြီး ယုံကြည်ရတဲ့ အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေကတော့ ချယ်လ်ဆီးဟာ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ တညီတညွတ်ထဲ ဖော်ပြထားကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Zoneရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဘုတ်အဖွဲ့က ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ် မရှိသေးပေမယ့် ချယ်လ်ဆီးရဲ့ ပူးတွဲပိုင်ရှင် အက်ဂ်ဘာလီက လေဗာကူဆင်နည်းပြချုပ် အလွန်ဆိုကို အတော်လေး သဘောကျနေပြီး ပိုချက်တီနိုကိုသာ ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရင် အလွန်ဆိုကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။