ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်သူ မာဒရစ်ခ် အတွက် တတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်က ဆာကာနဲ့ မာတီနယ်လီ နှစ်ဦးထဲကိုသာ အားကိုးနေရတဲ့ သူတို့ရဲ့ တောင်ပံတိုက်စစ်နေရာ အတွက် ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ မာဒရစ်ခ်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပြီး မာဒရစ်ခ်ကလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: 90 Min

အသက် ၂၂နှစ် အရွယ် ယူကရိန်း တောင်ပံတိုက်စစ် ကစားသမား မာဒရစ်ခ်က ရှက်တာဒိုးနက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ရှက်တာဒိုးနက် အတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

မာဒရစ်ခ်က ရှက်တာဒိုးနက်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားတာကြောင့် ရှက်တာဒိုးနက်က သူတို့ရဲ့ ကြယ်ပွင့် ကစားသမား မာဒရစ်ခ် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ရရှိလို နေပြီး ရှက်တာဒိုးနက်ရဲ့ တာဝန်ရှိသူတွေကတော့ ယူရို ၁၀၀သန်း ပေးနိုင်တဲ့ အသင်းမျိုး ရှိမှ မာဒရစ်ခ်ကို ရောင်းမယ်လို့ ကြွေးကြော်ထားပါတယ်။

Photo Credit: 90 Min

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ယနေ့မနက် အစောပိုင်းမှာပဲ မာဒရစ်ခ် အတွက် တတိယအကြိမ် တရားဝင် ကမ်းလှမ်းမှု အဖြစ် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း + အပိုဆုကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှု တရပ်ကို ရှက်တာဒိုးနက်ထံ ပေးပို့ခဲ့ပြီး ရှက်တာဒိုးနက်ဘက်က ကနဦး ပြောင်းရွှေ့ကြေးကို ယူရို ၇၀သန်းထက် အနည်းငယ် ပိုလိုချင်နေတာကြောင့် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

တခြား သတင်းရင်းမြစ်တွေကလည်း အာဆင်နယ်ဟာ မာဒရစ်ခ် အတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားကြပြီး အာဆင်နယ်က ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ဝန်းကျင် + အပိုဆုကြေး ယူရို ၁၅သန်း ဝန်းကျင်နဲ့ မာဒရစ်ခ်ကို ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။