ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ နည်းပြချုပ် ဖြစ်သူ အီဒင် တာဇစ်က လာမယ့် တနင်္ဂနွေနေ့မှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူတို့အသင်းက ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နိုင်ပွဲဆက်နေမှုကို ရိုက်ချိုးကာ ချန်ပီယံအဖြစ် အောင်ပွဲခံသွားမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

တာဇစ် ဦးဆောင်နေတဲ့ ဒေါ့မွန်က ဒီရာသီမှာ ပြည်တွင်းပြိုင်ပွဲ ဖြစ်တဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ယခင်နှစ်တွေလောက် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ခြင်း မရှိပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ တောက်လျှောက်ဆိုသလို နိုင်ပွဲဆက်နေပြီး ၁၁နှစ် အတွင်းမှာ ပထမဦးဆုံးအကြိမ် အဖြစ် ဗိုလ်လုပွဲဆီ ပြန်ရောက်ခဲ့ပါတယ်။

Photo Credit: UEFA

ဒေါ့မွန်က ၂၀၁၃ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ရောက်ခဲ့ပြီး အဆိုပါဗိုလ်လုပွဲမှာ ဒေါ့မွန်ဟာ ပြည်တွင်းပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ ရှုံးနိမ့်ကာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၂၀၁၃ခုနှစ် နောက်ပိုင်းမှာတော့ ဒေါ့မွန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ပြန်လည် ရောက်ရှိခဲ့ခြင်း မရှိပဲ ယခုနှစ်ရာသီမှာသာ တာဇစ်ရဲ့ ဦးဆောင်ပေးမှုကြောင့် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာပါ။

၂၀၁၃ခုနှစ်ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ ၊ ဝင်ဘလေကွင်းထဲမှာ ကျင်းပခဲ့သလို ယခုနှစ်ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း ဝင်ဘလေကွင်းထဲမှာ ကျင်းပဖို့ စီစဉ်ထားတာဟာ ဒေါ့မွန်နဲ့ ဝင်ဘလေကွင်း အတွက် ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ဆိုရပါမယ်။ ဝင်ဘလေကွင်းထဲမှာ ဒုတိယအကြိမ်မြောက် ကစားရမယ့် ဗိုလ်လုပွဲမှာ ဒေါ့မွန်တသင်းလုံးက ချန်ပီယံ အဖြစ် အောင်ပွဲခံဖို့ အားခဲထားကြပေမယ့် တဖက်မှာ သူတို့ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ချန်ပီယံလိဂ်ရဲ့ ဘိုးအေကြီး ရီးရဲလ်မက်ဒရစ် ဖြစ်ပါတယ်။

Photo Credit: Sports Brief

ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၄ကြိမ်အထိ ချန်ပီယံ ဖြစ်ထားတာကြောင့် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် မော်ကြွားစွာ ရပ်တည်နေသလို ရီးရဲလ်မက်ဒရစ်ဟာ ၁၉၈၁ခုနှစ် ၊ ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၈ပွဲဆက် အနိုင်ရရှိထားပါတယ်။

ဒေါ့မွန်ရဲ့ နည်းပြချုပ် တာဇစ်ကတော့ သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင် ကစားရမှာကို မကြောက်သလို ရီးရဲလ်ရဲ့ ဗိုလ်လုပွဲ ၈ပွဲဆက် အနိုင်ရရှိထားတဲ့ မှတ်တမ်းကိုပါ ရိုက်ချိုးပစ်မယ်လို့ ကြုံးဝါးလာပါတယ်။ တာဇစ်က – “ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်ရဲ့ နောက်ဆုံးဆရာကြီးက ကျွန်တော်တို့ကို စောင့်နေတာပါ။ ဒီနှစ်က ရီးရဲလ်မက်ဒရစ်ရဲ့ ဗိုလ်လုပွဲမှာ ၈ကြိမ်ဆက် အနိုင်ရထားတဲ့ စံချိန်ကြီး ရပ်တန့်သွားမယ့်နှစ်ပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။