ကိုလံဘီယာနိုင်ငံရဲ့ ဒုတိယတန်း ကလပ်တခု ဖြစ်တဲ့ Tigers FCရဲ့ အသင်းပိုင်ရှင် ဖြစ်သူ အက်ဂါပေ့ဇ်က ပြီးခဲ့တဲ့ စနေနေ့မှာ သေနတ်နဲ့ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရကြောင်း နိုင်ငံတကာ အားကစားသတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အက်ဂါပေ့ဇ်က Tigers FCရဲ့ အသင်းပိုင်ရှင် ဖြစ်သလို အသင်းဥက္ကဌရာထူးကိုပါ ရယူထားသူ ဖြစ်ပြီး သူက ကိုလံဘီယာရဲ့ နာမည်ကျော်ကလပ် Independiente Santa Feရဲ့ ဒါရိုက်တာ အဖြစ်ပါ လုပ်ကိုင်ဖူးပါတယ်။

Photo Credit: Standard

ပြီးခဲ့တဲ့ စနေနေ့မှာတော့ အက်ဂါပေ့ဇ်က Tigers FC 2-3 Atletico FC ပွဲစဉ်ကို သူ့ရဲ့ သမီးနဲ့အတူ သွားရောက် ကြည့်ရှုခဲ့ပြီး အဆိုပါပွဲကနေ အိမ်အပြန်မှာ ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦးက သူ့ကို တိုက်ခိုက်ခဲ့ပါတယ်။

ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦးက အက်ဂါပေ့ဇ်ကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာကြောင့် အက်ဂါပေ့ဇ်ဟာ သေနတ်ဒဏ်ရာတွေကို နီးစပ်ရာ ဆေးရုံတခုမှာ ကုသနေရင်း အသက်ဆုံးရှုံးခဲ့ရပြီး Tigers FCနဲ့ ကိုလံဘီယာ ရဲတပ်ဖွဲ့ကတော့ အက်ဂါပေ့ဇ်ကို သတ်ဖြတ်သွားတဲ့ သေနတ်သမား နှစ်ဦးကို အပူတပြင်း ရှာဖွေ စုံစမ်းနေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marcaရဲ့ ဖော်ပြချက်အရ အက်ဂါပေ့ဇ်ရဲ့ သေဆုံးမှုက Tigers FCရဲ့ ရလဒ်ဆိုးတွေနဲ့ တနည်းတဖုံ ဆက်သွယ်နေပြီး Tigers FCရဲ့ ကစားသမား နှစ်ဦးကလည်း သူတို့အသင်းရဲ့ ရှုံးပွဲကြောင့် အသင်းပိုင်ရှင် အက်ဂါ့ပေဇ်ဟာ အခုလို သတ်ဖြတ်ခံခဲ့ရတာလို့ ယုံကြည်နေကြောင်း သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ် အတွင်း ရှိနေခဲ့တဲ့ အက်ဂါပေ့ဇ်ရဲ့ သမီးလေးကတော့ အသက်မသေခဲ့ပေမယ့် ဆေးရုံမှာ ကုသမှုတွေ ဆက်လက် ခံယူနေရကြောင်း Tigers FCနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။