ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ အီဒါဆန်က သူဟာ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီ တယောက် သူ့ရဲ့ နိုင်ငံအသင်း ဖြစ်တဲ့ ဘရာဇီးလ်ကို အမြန်ဆုံး ကိုင်တွယ်ခွင့် ရအောင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ဖြုတ်ချပစ်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရီးရဲလ်မက်ဒရစ် ကနေ ထုတ်ပယ်ခံမယ်လို့ သတင်းကြီးနေသူ ဖြစ်ပြီး ဘရာဇီးလ် လက်ရွေးစင်အသင်းက အန်ဆလော့တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: The Irish Sun

ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်ကတည်းက အန်ဆလော့တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပြီး အန်ဆလော့တီက ရီးရဲလ်မက်ဒရစ် ကနေ ထွက်မှသာ ဘရာဇီးလ်ကို ကိုင်တွယ်ဖို့ စဉ်းစားမှာ ဖြစ်ကြောင်း အကြောင်းပြန်ထားပါတယ်။

ဒါကြောင့်ပဲ ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား တဦး ဖြစ်သူ အီဒါဆန်က အန်ဆလော့တီ တယောက် ဘရာဇီးလ်ကို ခပ်မြန်မြန် ကိုင်လို့ ရအောင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူမယ်လို့ ဆိုလာတာပဲ ဖြစ်ပါတယ်။

Photo Credit: The Irish Sun

အီဒါဆန်က – “ကျွန်တော်က ကတ်စ်မဲရိုး ၊ ဗင်နီးစီးယပ်စ် ၊ မီလီတာအိုတို့နဲ့ စကားပြောပြီးပါပြီ။ ကားလို့စ် အန်ဆလော့တီက ဘရာဇီးလ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း အတော်လေးကို များနေပါတယ်။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိုင်ယူဖို့ ကြိုးစားသွားပါမယ်။ ဒါမှသာ အန်ဆလော့တီက ဘရာဇီးလ်ကို ခပ်မြန်မြန် ကိုင်တွယ်နိုင်မှာပါ” လို့ ရယ်လျက် ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာ အီဒါဆန်ရဲ့ မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက် တွေ့ဆုံနေသလို အန်ဆလော့တီရဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ချယ်လ်ဆီးနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး နှစ်သင်းစလုံးက သူတို့ရဲ့ ပြိုင်ဘက်တွေကို အသီးသီး အနိုင်ယူနိုင်မှသာ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင် ယှဉ်ပြိုင် ကစားခွင့် ရမှာလည်း ဖြစ်ပါတယ်။