ကမ္ဘာ့ထိပ်တန်း ဘောလုံးသမားဖြစ်သူ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား အီဒင်ဟာဇက် နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ လာမယ့် နွေဈေးကွက်အတွင်းမှာပဲ လမ်းခွဲကြတော့မယ်လို့ ဘောလုံး အပြောင်းအရွှေ့ပိုင်းဆိုင်ရာ နာမည်ကျော် သတင်းထောက်တစ်ဦးဖြစ်သူ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Eden Hazard: I'm 'really sorry' for flopping at Real Madrid

Photo Credit : ESPN

ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အသင်းကနေ လက်လွတ်ခဲ့ပြီးနောက် သူ့နေရာကို အစားထိုး ဝင်ရောက်လာနိုင်မယ့် ကစားသမားတစ်ဦးကို ရှာဖွေခဲ့တဲ့ ရီးယဲလ်အသင်းဟာ ချဲလ်ဆီး ကြယ်ပွင့်ဟောင်း ဟာဇက်ကို တွေ့ရှိခဲ့ပြီး ကျောနံပါတ်(၇)ပါ ဝတ်ဆင်စေခဲ့ရင်း ရော်နယ်လ်ဒိုနေရာအတွက် အစားထိုးခဲ့ပါတယ်။ ဟာဇက်ဆိုတာကလည်း ပရီးမီးယားလိဂ်မှာ အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် သူ့ကို ရီးယဲလ် ပရိသတ်တွေက များစွာ မျှော်လင့်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဟာဇက်က ဒဏ်ရာ ပြသာနာတွေနဲ့ လုံးပန်းနေခဲ့ရပြီး ခြေစွမ်းပိုင်းလည်း မတည်မငြိမ် ဖြစ်ခဲ့ရကာ နေရာသစ်မှာ ရုန်းကန်လာခဲ့ရပါတယ်။

Photo Credit : The Mirror

လက်ရှိမှာ ရီးယဲလ်အသင်းအတွက် စုစုပေါင်း (၇၃)ပွဲထိကို ပါဝင်ကစားထားနိုင်ခဲ့တဲ့ ဟာဇက်က သွင်းဂိုး (၇)ဂိုးသာ သွင်းယူထားနိုင်ခဲ့သလို အခုနှစ် ဘောလုံးရာသီအတွင်းမှာလည်း ပြိုင်ပွဲစုံ (၇)ပွဲအထိပဲ ပါဝင်ထားခဲ့ရပါတယ်။ ၂၀၂၃ခုနှစ်အတွင်းမှာ ကာဆီရီနိုအသင်းနဲ့ ကစားထားခဲ့ရတဲ့ ကိုပါဒယ်ရေးပွဲစဉ်အတွင်းမှာ ပါဝင်ခွင့်ရထားခဲ့တဲ့ ဟာဇက်က ဒီရာသီ လာလီဂါပြိုင်ပွဲအတွင်းမှာလည်း စုစုပေါင်း (၉၈)မိနစ်ခန့်သာ ကစားထားရသေးပြီး အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဗင်နီစီယပ်စ် ရိုဒရီဂိုတို့ကို ကျော်လွန်ကာ ပုံမှန်ကစားခွင့် ရရှိဖို့ ခက်ခဲနေရပါတယ်။

Photo Credit : Football Espana

လက်ရှိမှာ ရီးယဲလ်အသင်းနဲ့ ၂၀၂၄ခုနှစ် ဇွန်လအထိပဲ စာချုပ်သက်တမ်း ကျန်ရှိနေတော့တဲ့ ဟာဇက်ကို ရီးယဲလ်အသင်းဘက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရခင်မှာ ပြောင်းရွှေ့ကြေးတချို့နဲ့ ရောင်းထုတ်ချင်တဲ့အတွက် လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာပဲ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်ကြဖွယ် ရှိနေပါတယ်။ အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဟာဇက်ကို နယူးကာဆယ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။