ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အက်ဒီဟောင်းက သူတို့အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်သာ ရမယ် ဆိုရင် ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို အငှားနဲ့ ခေါ်မယ် ဆိုတဲ့ သတင်းတွေကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

အက်ဒီဟောင်း ဦးဆောင်နေတဲ့ နယူးကာဆယ်က ပြီးခဲ့တဲ့ အပြောင်းအရွှေ့ နှစ်ခုမှာ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်နိုင်ခဲ့မှုနဲ့အတူ ယခုနှစ် ဘောလုံးရာသီမှာ အတော်လေးကို ရလဒ်ကောင်းတွေ ရရှိထားပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်၃နေရာ အထိ တက်လှမ်းထားနိုင်ပါတယ်။

Photo Credit: The Sun

နယူးကာဆယ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲဆက် ပေးဂိုး လုံးဝ မရှိခဲ့သလို ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁ပွဲထဲသာ ရှုံးနိမ့်ထားတာကြောင့် သူတို့အသင်းက ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေပြီး လက်ရှိ ခြေစွမ်းကောင်းကိုသာ ဆက်လက် ထိန်းသိမ်းထားနိုင်မယ် ဆိုရင် နှစ်ပေါင်း ၂၀ကျော် အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာလည်း ဖြစ်ပါတယ်။

ဆော်ဒီအစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုကို ရထားတဲ့ နယူးကာဆယ်ကသာ ချန်ပီယံလိဂ်ဝင်ခွင့် ရသွားရင် နယူးကာဆယ်ဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူမှာ ဖြစ်ပြီး စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနကတော့ နယူးကာဆယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆော်ဒီကလပ် အယ် နက်ဆာဆီ ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ၁ရာသီ အငှားနဲ့ ခေါ်ယူလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

Photo Credit: The Sun

ဒါပေမယ့် နယူးကာဆယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အက်ဒီဟောင်းကတော့ အဆိုပါသတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရင်တောင် ရိုနယ်ဒိုကို ခေါ်ယူမှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အက်ဒီဟောင်းက – “ကျွန်တော်တို့က ခရစ္စတီယာနို ရိုနယ်ဒို တယောက် အကောင်းဆုံးတွေ ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ရရင် ရိုနယ်ဒိုကို ခေါ်မယ် ဆိုတဲ့ သတင်းကတော့ လုံးဝ မမှန်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။