နယူးကာဆယ်အသင်းရဲ့ နည်းပြဖြစ်သူ အက်ဒီဟောင်းက အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီးတဲ့နောက် လာမယ့် နွေဈေးကွက်မှာ သူတို့အသင်းအတွက် ကြီးမားတဲ့ ကစားသမား ခေါ်ယူ ဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားမယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

Photo Credit : Youtube

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘောလုံးရာသီဝက်ခန့်အထိ နိုင်ပွဲ (၁)ပွဲလေးသာ ရထားပြီး တန်းဆင်းဇုန်မှာ ကျင်လည်နေခဲ့ရတဲ့ နယူးကာဆယ်အသင်းဟာ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ရဲ့ PIF လုပ်ငန်းစုနဲ့ ဗြိတိန်ရဲ့ စီးပွားရေး အမှုဆောင် အာမန်ဒါရယ် RB Sports & Media တို့ကနေ ဝယ်ယူလိုက်ပြီးနောက် ဆောင်းဈေးကွက်အတွင်းမှာပဲ အသင်းအတွက် အသုံးစရိတ် ပေါင် သန်း(၉၀) အသုံးပြုပြီး ဂွီမာရေ့စ် ထရစ်ပီယာ ဒန်ဘန်းနဲ့ ခရစ္စဝုဒ်တို့ကို ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားတွေက အသင်းကို အကောင်းဆုံး အကျိုးပြုခဲ့ပြီး ရာသီအကုန်မှာတော့ အသင်းကို အဆင့်(၁၁)နဲ့ ရာသီသိမ်းနိုင်ဖို့ ကူညီနိုင်ခဲ့ပါတယ်။

The inside story of Newcastle United's transfer window - all the bids,  stories and 'mega opportunity' - Chronicle Live

Photo Credit : Football Transfer

အသင်း တည်ထောင်သက် နှစ် (၁၃၀)ပြည့်နှစ်ဖြစ်သော ဒီနှစ် ဘောလုံးရာသီမှာတော့ နယူးကာဆယ်ဟာ နွေဈေးကွက်ထဲမှာ ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀)ကျော် အသုံးပြုပြီး အီဆက်ခ် ဘို့တ်မန်း နစ်ပုတ်တို့ကို ခေါ်ယူခဲ့သလို ဆောင်းဈေးကွက်မှာလည်း ဂေါ်ဒွန်ကို ခေါ်ယူခဲ့ပြန်ပါတယ်။ ကမ္ဘာ့ အချမ်းသာဆုံး ကလပ်အသင်းအဖြစ် သတ်မှတ်ခံနေသည့်တိုင် နယူးကာဆယ်က တောသားချဲပေါက်ဆိုသော အသုံးအနှုန်းလို မြင်မြင်ရာ ကစားသမားတွေကို ခေါ်ယူခြင်း မရှိပဲ သူတို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေက အသင်းအတွက် အတော်လေးကို အသုံးဝင်ခဲ့ပါတယ်။ အခုဆို အသင်းဟာ နှစ်ပေါင်း (၂၀)အကြာမှ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိနိုင်ခဲ့ပြီဖြစ်လို့ လာမယ့်နွေမှာ အသင်းအတွက် အကောင်းဆုံး ပြင်ဆင်သွားမယ်လို့ အက်ဒီဟောင်းက ကြွေးကြော်လိုက်ပါတယ်။

Photo Credit : The Mirror

“နောက်တစ်ခုကတော့ ကျွန်တော်တို့ အသင်းအတွက် ကြီးမားတဲ့ အပြောင်းအရွှေ့ ဈေးကွက်ကြီးတစ်ခု ဖြစ်လာမှာပါ။ မှန်ကန်တဲ့ ခေါ်ယူမှုတွေ ဖြစ်လာအောင် ကြိုးစားရပါမယ်။ ကျွန်တော် ဒီအသင်းကို စရောက်လာကတည်းက အပြောင်းအရွှေ့ ဈေးကွက် (၃)ခုလုံးကို ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။” လို့ အက်ဒီဟောင်းက ပြောကြားသွားခဲ့ပါတယ်။