နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်က လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ တွန်းအားပေးနေချိန်မှာ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကတော့ လာမယ့် ခြေစမ်းပွဲတွေမှာ အီဆက်ခ်ကို အသုံးမပြုဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီပဲ ဖြစ်ပါတယ်။ အက်ဒီဟောင်းဟာ အီဆက်ခ်နဲ့ ပတ်သက်ပြီး သူ့ရဲ့မူလသဘောထားကို ပြောင်းပြန်လှန်လိုက်ပြီဖြစ်ကာ လီဗာပူးလ်အသင်းရဲ့ စိတ်ဝင်စားမှုတွေ မြင့်တက်နေချိန်မှာ တိုက်စစ်မှူးဖြစ်သူကို လာမယ့် ခြေစမ်းပွဲတွေမှာ ပါဝင်ကစားခွင့်ပေးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အီဆက်ခ်ဟာ နယူးကာဆယ်အသင်းရဲ့ အာရှခရီးစဉ်ကို လွဲချော်ခဲ့ပြီး သူ့ကို လီဗာပူးလ်အသင်းက ကမ်းလှမ်းမှုကြီးတစ်ခု ပြုလုပ်ခဲ့ပေမယ့် ဒါကို နယူးကာဆယ်က ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို အယ်လ်ဟီလာလ်အသင်းထံ ရောင်းချမှု အပြီးသတ်သွားတာနဲ့ အီဆက်ခ်အပေါ် စိတ်ဝင်စားမှုကို ပြန်လည်အရှိန်မြှင့်လာဖို့ ရှိနေပါတယ်။

Photo Credit : talkSPORT

လက်ရှိမှာ အီဆက်ခ်ဟာ အသင်းကြီးနဲ့ သီးခြား လေ့ကျင့်ခန်းဆင်းနေရပြီး အစောပိုင်းမှာတော့ နည်းပြဟောင်းက သူ့ကို အက်စ်ပန်ညိုနဲ့ အက်သလက်တီကို မက်ဒရစ်တို့နဲ့ ကစားမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ ပြန်လည်ရွေးချယ်ဖို့ အသင့်ရှိနေတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်ဒီဟောင်းဟာ အီဆက်ကို အဆိုပါ ပွဲစဉ်နှစ်ပွဲလုံးအတွက် မရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းရဲ့ ရပ်တည်ချက်ကတော့ အီဆက်ခ်အတွက် နေရာအစားထိုးမယ့် ကစားသမားတစ်ဦး အဆင်သင့် မဖြစ်မချင်း သူ့ကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

နယူးကာဆယ်အသင်းက အသက်(၂၅)နှစ်အရွယ် တိုက်စစ်မှူးကို ပေါင်သန်း(၁၅၀)အထိ တန်ဖိုးသတ်မှတ်ထားပြီး သူ့နေရာကို အစားထိုးဖို့ ပစ်မှတ်ထားခဲ့တဲ့ ကစားသမားနှစ်ဦးကိုလည်း လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။ ဟူဂို အီကီတီကီက လီဗာပူးလ်အသင်းထံ ရောက်သွားခဲ့ပြီး ဘင်ဂျမင် ဆက်စ်ကိုကလည်း မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Photo Credit : Irish Examiner

ဒီသီတင်းပတ်အစောပိုင်းက အီဆက်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အက်ဒီဟောင်းက “ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ရဖို့ဆိုတာ ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်အောင် လုပ်ပြရပါမယ်။ ကျွန်တော်တို့က နယူးကာဆယ်ယူနိုက်တက်ပါ။ ကစားသမားတစ်ယောက်အနေနဲ့ အသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တာဝန်ယူစိတ်ရှိရမယ်၊ အပြုအမူ မှန်ကန်ရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။

“ဒါကြောင့် ဒီကိစ္စမှာ အဲ့ဒီအချက်တွေလည်း ပါဝင်နေပါတယ်။ ဘယ်ကစားသမားမဆို အသင်းနဲ့အတူ လေ့ကျင့်ခွင့်ရဖို့ ထိုက်တန်ကြောင်း သက်သေပြရပါမယ်။ ဘယ်ကစားသမားမှ အပြုအမူဆိုးသွမ်းပြီး အသင်းနဲ့ ပုံမှန်အတိုင်း လေ့ကျင့်ခန်းဆင်းဖို့ မျှော်လင့်လို့မရပါဘူး။ ကျွန်တော်ကတော့ သူရှိနေစေချင်တာပေါ့။ ဒါပေမဲ့ သူရှိနေမလားဆိုတာကိုတော့ အခုချိန်မှာ ကျွန်တော်မသိသေးပါဘူး။ ကျွန်တော်တို့ ဒီဘက်မှာ အချိန်ကွာခြားမှုတွေနဲ့ လေ့ကျင့်ရေးတွေ၊ ပွဲတွေအတွက် ပြင်ဆင်နေရချိန်မှာ တခြားသူတွေက အိမ်ပြန်ပြီး အဲ့ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းနေပါတယ်” လို့ ဆိုပါတယ်။ နယူးကာဆယ်အသင်းဟာ လက်ရှိမှာ နီကိုးလပ်စ် ဂျက်ဆင်၊ ယိုအန် ဝစ်ဆာနဲ့ အော်လီ ဝက်ကင်စ်တို့လို တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။