ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ပြည်တွင်းပြိုင်ဘက် မန်ချက်စတာ စီးတီးရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ အယ်ချီဗယ်ရီကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဆာရာ ဝီကရောယက်က ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား ယူ-၁၇ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ အယ်ချီဗယ်ရီက ရေးဗားပလိတ်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူပါ။

Photo Credit: Team Talk

အယ်ချီဗယ်ရီက ညာခြေအားသန် ကစားသမား တဦး ဖြစ်ပေမယ့် နံပါတ် ၁၀နေရာမှာ အကောင်းဆုံး ကစားနိုင်သလို သူ့ရဲ့ အတိုးအလှုပ် ၊ အလိမ်အခေါက်နဲ့ ဘောလုံးအမြင်တွေကြောင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီနဲ့ ခိုင်းနှိုင်းခံနေရသူလည်း ဖြစ်ပါတယ်။

အယ်ချီဗယ်ရီရဲ့ အလားအလာနဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အယ်ချီဗယ်ရီကလည်း သူဟာ ရေးဗားပလိတ်နဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာ မဟုတ်ပဲ လာမယ့် အပြောင်းအရွှေ့ ရာသီမှာ အသင်းပြောင်းဖို့ စဉ်းစားမယ်လို့ ထုတ်ပြောထားပါတယ်။

Photo Credit: Standard

နာမည်ကြီး ဂျာမန် သတင်းထောက်မမ ဆာရာ ဝီကရောယက်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက အယ်ချီဗယ်ရီကို ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေ ထွက်နေပေမယ့် ချယ်လ်ဆီးက အယ်ချီဗယ်ရီကို မန်ချက်စတာ စီးတီးရဲ့ လက်ထဲ ကနေ ကြားဖြတ် ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပြီး နှစ်သင်းစလုံးက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးက အယ်ချီဗယ်ရီကို ခေါ်ယူပြီးရင် သူတို့ရဲ့ မိတ်ဖက်ကလပ် စထရက်ဘော့ဆီ အငှားချဖို့ စဉ်းစားထားပြီး မန်ချက်စတာ စီးတီးကတော့ အယ်ချီဗယ်ရီကို ခေါ်ယူပြီးရင် ရေးဗားပလိတ်မှာပဲ အငှား ပြန်ချဖို့ ဆုံးဖြတ်ထားပါတယ်။